ရန်ကုန်၊ ဇူလိုင်လ ၁၇ ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာအနောက်ဖက်တွင် မြေကမ်းပါးပြိုကျခဲ့ရာမှ သေဆုံးခဲ့သူ မိသားစုဝင်တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ကချင်ပြည်နယ်၊ လူမူကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးက ပေးအပ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမိသားစုဝင်တစ်ဦးလျှင် ကျပ် ၃ သိန်း၊ ဆေးဝါးကုသနေသူ တစ်ဦးလျှင် ကျပ် ၅ သောင်းအား ကချင် ပြည်နယ်၊ လူမူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မိသားစုများထံ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးသောင်းစံက ပြောသည်။
“ အစိုးရဘက်ကတော့ ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းမှာပဲ ကချင်ပြည်နယ်၊ လူကယ်ပြန်ဝန်ကြီးနဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေက သေဆုံးသူတွေရဲ့ မိသားစုဝင်တစ်ဦးကို ၃ သိန်းတဲ့။ ဆေးကုသမှု ခံယူနေတဲ့ မိသားစုဝင်တစ်ဦးကို ၅ သောင်းတဲ့ ပေးလှူခဲ့ပါတယ်”ဟု ဦးသောင်းစံက ပြောသည်။
အဆိုပါ ကမ်းပါးပြိုကျမှုမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်း ဖြစ်ပွားသည့်နေ့က မြေပြို ကျသည့် နေရာမှ ရုပ်အလောင်း ၁၅ လောင်းရရှိခပြီး အလှူငွေပေးအပ်ချိန်တွင် သေဆုံးသူ ၁၇ ဦး ရှိခဲ့သည်။
ဇူလိုင်လ ၁၆ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၂ဝ တွင်လည်း မြေပြိုသည့်နေရာမှ ရုပ်အလောင်း ၁ လောင်း ထပ်မံ တွေ့ရှိခဲ့သဖြင့် လက်ရှိတွင် ရှာဖွေတွေ့ရှိထားသည့် သေဆုံးသူ ရုပ်အလောင်းမှာ ၁၈ လောင်း ထိရှိလာပြီ ဖြစ်သည်။
အဆိုပါ ကမ်းပါးပြိုကျခဲ့သည့်နေရာမှာ လက်ရှိတွင် မိုးများရွာသွန်းထားသောကြောင့် လူတစ်ရပ် ကျော်နက် သည့် ရွှံ့နွံများဖြစ်နေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအား ခေတ္တရပ်ဆိုင်းထားရကြောင်း၊ ပေါ်လာသည့် ရုပ်အလောင်းများအားဆယ်ရသည့်အနေအထား ဖြစ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။