ဇူလိုင် ၁၇၊ ပဲရစ်။ ။ ရုရှနိုင်ငံမှာကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ပြင်သစ်နိုင်ငံကို ပြန်ရောက်လာခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို ပဲရစ်မှာ ပရိသတ် ၅ သိန်းလောက် ကြိုဆိုခဲ့ကြပါတယ်။
ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းကို လေးဂိုး၊ နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒါဟာ ၁၉၉၈ နောက်ပိုင်း နှစ် ၂၀ အကြာမှာ ကမ္ဘာ့ဖလားကြီးကို ပြန်လည်ရယူနိုင်တာလည်း ဖြစ်ပါတယ်။
အမိနိုင်ငံကိုပြန်ရောက်လာပြီးနောက် အမိုးဖွင့်ကားနဲ့ အောင်ပွဲခံလှည့်လည်ခဲ့တဲ့ ပြင်သစ်အသင်းကို ပရိသတ်တွေက လမ်းပေါ်ထွက်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
တိုက်လေယာဉ်တွေကလည်း ကောင်ကင်ကနေ ပျံဝဲပြီး ပြင်သစ်နိုင်ငံအလံကို ပုံဖော်ခဲ့ကြပါတယ်။ ပရိသတ်တွေပစ်ဖောက်ကြတဲ့ မီးရှူး မီးပန်းတွေလည်း မနည်းမနောပါပဲ။
အသင်းရဲ့နောက်မှာ ရဲ အရာရှိဒါဇင်ပေါင်းများစွာကလည်း လုံခြုံရေးလိုက်ပါရယူပေးတာကြောင့် ဆိုင်ကယ်တန်းကြီး ဖြစ်လို့နေပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သူရဲကောင်းတွေထဲက မန်ဒီ၊ အွန်တီတီ၊ အမ်ဘာပေးနဲ့ ဂရစ်ဇ်မန်းတို့ဟာ သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ ပရိသတ်တွေကို နောက်ခံထားပြီး ကမ္ဘာ့ဖလားကြီးနဲ့အတူ အောင်ပွဲခံနေတဲ့ပုံစံတွေကို ဆိုရှယ်မီဒီယာမှာ ပြန်တင်ခဲ့ကြပါတယ်။
ကျန်တဲ့ ကစားသမားတွေဟာလည်း ပရိသတ်တွေနဲ့အတူ သံချပ်တွေ၊ သီချင်းတွေ သံပြိုင်လိုက်ဆိုရင်း အမှတ်တရ ဓါတ်ပုံတွေရိုက်ရင်းနဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝ အမြင့်ဆုံးဆုဖလားအတွက် အောင်ပွဲခံခဲ့ကြပါတယ်။
Ref; Daily Mail