လန်ဒန်၊ ဇူလိုင် ၁၃ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ခရီးစဉ်မှာ ဝန်ကြီးချုပ် ထရီဆာမေရဲ့ အီးယူမှ ဗြိတိန်ခွဲထွက်တဲ့ ဘရစ်ဇစ်မဟာဗျူဟာကို ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။
ခရီးစဉ်ရဲ့ ဒုတိယနေ့ ဇူလိုင် ၁၃ ရက်မှာ ထရီဆာမေနဲ့ ထရမ့်တို့ တွေ့ဆုံကြဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ အတ္တလန္တိတ်ဖြတ်ကျော် နှစ်နိုင်ငံ အထူးဆက်ဆံရေးကို နိမ့်ဆင်းစေမယ့် ပြောဆိုမှုလည်း ဖြစ်ပါတယ်။
လန်ဒန်က ပါလီမန်အနီးမှာ ထရမ့်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ပြီး ‘Trump Baby’ လေပူဖောင်းရုပ်ကြီး လွှင့်တင်ပြီး ဆန္ဒပြမှုတွေပါရှိနေတဲ့ ထရမ့်ရဲ့ ဒီခရီးစဉ် မတိုင်ခင် အင်တာဗျူးတစ်ရပ်မှာ အီးယူနဲ့ အနာဂတ်ဆက်ဆံရေး ဆက်လက် နီးကပ်ဖို့ ပြင်ဆင်နေတဲ့ ထရီဆာမေရဲ့ အစီအစဉ်ဟာ ၎င်း မျှော်လင့်နေတဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုကို ကွပ်မျက်သလို ဖြစ်စေလိမ့်မယ်လို့ ထရမ့်က ပြောထားတာ ဖြစ်ပါတယ်။
ထရီဆာမေရဲ့ အစီအစဉ်ဟာ ၂၀၁၆ ဇွန်လက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အီးယူကနေ ဗြိတိန်ခွဲထွက်တာကို ကျောထောက်နောက်ခံ မပြုကြောင်း ထရမ့်က သည်ဆန်းသတင်းစာကို ပြောပါတယ်။
အီးယူက နုတ်ထွက်ရေးကို ရေရှည်ထောက်ခံနေတဲ့ ထရမ့်ဟာ သူ့အနေနဲ့ ထရီဆာမေကို ကွဲပြားတဲ့ လမ်းကြောင်းမှ အီးယူက ထွက်ခွာရေးကို အကြံပေးပေမယ့် မသိကျိုးကျွံပြုခံရကြောင်းလည်း ပြောပါတယ်။
အီးယူက ဗြိတိန်နုတ်ထွက်ပြီးနောက်ပိုင်း အီးယူနဲ့ ဆက်ဆံရေးကို ဆက်လက်နီးကပ်လိုတဲ့ ထရီဆာမေရဲ့ အစီအစဉ်ကို မကျေနပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ အီးယူခွဲထွက်ရေး ဘရစ်ဇစ်ဝန်ကြီးတို့ဟာလည်း ရာထူးက နုတ်ထွက်သွားကြပြီး ဗြိတိန်နိုင်ငံအနေနဲ့ အကျပ်အတည်း ဆိုက်နေချိန်လည်း ဖြစ်ပါတယ်။