စစ်တွေ၊ ဇွန်လ ၂၂ ရက်။ ။ စစ်တွေမြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဦးအောင်သန်းဝေ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြံုမှုကို ကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ကာ စစ်တွေမြို့မရဲစခန်းက ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်သည်။
“ရဲက ခဏလေးခေါ်တယ်။ အဲဒီလို ပြောခဲ့တယ်။ သူ့ကို ဖမ်းထားပြီလို့ အုပ်ချုပ်ရေးမှူးက ပြောလာတယ်။ အဲခါကျမှ အဒေါ်က သိရတာ။”ဟု လက်ရှိဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေ၏ဇနီးဖြစ်သူ ဒေါ်အောင်သန်းမြက RiA သို့ ပြောသည်။
ဦးအောင်သန်းဝေသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေနှင့် ပတ်သတ်၍ ဇွန်လ ၁၈ ရက်နေ့က “လူသတ်လက်နက်နှင့် ရခိုင်ပြည်နယ် အတွင်းရေးမှူး(ဟောင်း) ဦးတင်မောင်ဆွေ မြောက်ဦးလူသတ်မှု (တရားခံ) ဘယ်သူလဲ” ဟု ဝေဖန်ကာ ၎င်း၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ယင်းမတိုင်မီ မေလ ၃၁ ရက်နေ့ကလည်း အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်၏ အမှုတွဲကို ပယ်ဖျက်ပေးရန် လျှောက်လဲချက်ကို ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်သည့် ကိစ္စနှင့်ပတ်သတ်၍ ၎င်း ဖေ့စ်ဘွတ်စာမျက်နှာတွင် တိုက်ရိုက်လွှင့်ခဲ့သည်။
ထိုကိစ္စ နှစ်ခုကြောင့် ဖမ်းဆီးခံရခြင်းဟု သတင်းထွက်ပေါ်နေသည်။
“သူပို့စ်တင်တာ တစ်ခုကြောင့် ထင်တယ်။ သူလည်း အတိအကျတောင် မသိသေးဘူး။ ဖမ်းခါစပဲရှိသေးတယ်ဆိုတော့လေ။”ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
သို့ရာတွင် လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် စစ်တွေမြို့မရဲစခန်းသို့ ဆက်သွယ်ရာတွင် အမှုဖွင့်ထားခြင်းနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိသလို ၎င်းအား မည်သူက တရားစွဲဆိုခိုင်းသည်ဆိုသည့် ကိစ္စအား အစိုးရအဖွဲ့သို့ မေးမြန်းရာတွင် လည်း မသိဟုဆိုသည်။
အဆိုပါ ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေမှာ ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်၏ အထွေထွေအတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သလို စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး လက်ရှိအချိန်တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ မြို့နယ်တရားရုံးသို့ ယူသွားပြီဖြစ်သည်။