ဇွန် - ၂၂ ၊ မုံရွာ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဇွန်လ ၂၂ ရက် မနက်ပိုင်းက ကန်သာယာပန်းခြံအတွင်းရှိ အမျိုးသမီးရုပ်ထုကို တတိယအကြိမ်ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။
လူတစ်ရပ်နီးပါးရှိ ရေအိုးကိုင်ထားသော အမျိုးသမီးပုံစံ ထုလုပ်ထားသည့် သံမျှင်ပါ သံချည်ကွန်ကရစ်ရုပ်ထုကို ခြေထောက်အောက်ခြေမှ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ မုံရွာမြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းကို မေးမြန်ရာတွင် ရဲစခန်းသို့ သွားရောက်အကြောင်းထားပြီး ပန်းခြံအစောင့်များ မရှိသည့် ညအချိန်တွင် မူးယစ်သောက်စားသူများမှ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
" မူးမူးရူးရူးနဲ့ လူတွေရဲ့ အသိဉာဏ်နိမ့့်ပါးတယ်လို့ပဲ ပြောရမှာပဲ သုံးကြိမ်တောင် ရှိပြီဆိုတော့ ဘာပြောရမှန်းကိုမသိတော့ဘူး အရှေ့က ဘယ်လောက်လုပ်လုပ် အနောက်က ဒီလိုဖျက်စီးနေမှတော့ မျှော်မှန်းတဲ့ အဆင့်ကတော့ မရောက်နိုင်ပါဘူး။ အစောင့်အရှောက်ထားပေမည့် ဒီအရုပ်တစ်ခုထဲ သီးသန့်မစောင့်နိုင်တော့လေ ။ အရုပ်ကတော့ ပြန်လုပ်ရမှာပေါ့ "ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
ကန်သာယာပန်းခြံ၌ ညဉ့်နက်အချိန်များထိ သမီရည်းစားအတွဲများ၊ဝိုင်းဖွဲ့သောက်စားသူများကို ရှောင်တခင် လှည့်ကင်းအဖွဲ့မှ ညတိုင်းရှင်းထုတ်နေရပြီး လှည်းကင်းများ မရှိသည့်အချိန်တွင် ဖြစ်ပွားတာဖြစ်ကြောင်း မုံရွာမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
အမျိုးသမီးရုပ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး မုံရွာမြို့ခံများအကြား ဝေဖန်မှုများ မြင့်တက်နေပြီး ရဲစခန်းသို့ လာရောက် အမှုဖွင့်ခြင်း မရှိသေးကြောင်းသိရသည်။