ဝါရှင်တန်၊ ဇွန် ၁၉ ။ ။ အမေရိကန် အာကာသတပ်ဖွဲ့သစ်အား ဖွဲ့စည်းထူထောင်ရန် ပင်တဂွန်အား သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၈ ရက်တွင် အမိန့်ပေးညွန်ကြားလိုက်သည်။
အမေရိကန်စစ်တပ်၏ ခြောက်ခုမြောက် တပ်ရင်းဖြစ်လာမည့် အာကာသတပ်မကြီးတစ်ရပ်ကို အာကာသတွင် အမေရိကန် စိုးမိုးနိုင်ရေးအတွက် ဖွဲ့စည်းထူထောင်လိုခြင်း ဖြစ်သည်။
“ကျွန်တော် ဒီကနေပြီး ကာကွယ်ရေးဝန်ကြီးဌာနကို ညွန့်ကြားချက် ပေးပါတယ်။ ပင်တဂွန်အနေနဲ့ လက်နက်ကိုင်တပ်တွေရဲ့ ခြောက်ခုမြောက် တပ်ရင်းတပ်မဖြစ်မယ့် အာကာသတပ်ဖွဲ့ကို ထူထောင်ရေး လိုအပ်သမျှ လုပ်ငန်းစဉ်တွေကို ချက်ချင်း စတင်လုပ်ဆောင်ဖို့ပါပဲ။”ဟု ထရမ့်က ပြောသည်။
“ကျွန်တော်တို့ Air Force တွေ ပိုင်ဆိုင်ထားရမယ်။ ကျွန်တော်တို့ အာကာသတပ် ပိုင်ဆိုင်ထားရမယ်။ ဒါဟာ သီးခြားပေမယ့်လည်း အတူတူပဲ ဖြစ်တယ်။”ဟု ထရမ့်က ဆိုသည်။
“အမေရိကန်ကို ကာကွယ်ဖို့ ဖြစ်လာပြီဆိုရင် အာကာသမှ အမေရိကန် ရှိနေရုံနဲ့ မရတော့ပါဘူး။ အာကာသမှာ အမေရိကန် ကြီးစိုးထားမှပဲ ဖြစ်ပါမယ်။”ဟု ၎င်းက ပြောခဲ့သည်။
အဆိုပါ အာကာသတပ်ဖွဲ့နှင့် ပတ်သက်ပြီး ၎င်း၏ အခန်းကဏ္ဍနှင့် ဖွဲ့စည်းမည့် အချိန် စသည့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
ဒုတိယသမ္မတ မိုက်ပန့်စ် ဦးစီးသည့် အကြံပေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သော အမျိုးသားအာကာသကောင်စီ တတိယမြောက် အစည်းအဝေး စတင်ချိန် ထရမ့်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောခဲ့ခြင်းပဲ ဖြစ်သည်။