ရန်ကုန် ၊ စက်တင်ဘာ ၂၁ ။ ။ ရခိုင်ပြည်နယ်အတွင်း၌ လက်နက်ကိုင်တိုက်ခိုက်မှုများသည် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းမှစပြီး မရှိတော့ပေမယ့် မူဆလင်အများအပြားဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ ဆက်လက်ထွက်ပြေးနေသည် ဆိုသည့် သတင်းများအပေါ် စိုးရိမ်ပူပန်မှုတွေရှိသည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုလိုက်သည်။
"အခုလို လူအများအပြား ရွှေ့ပြောင်းတိမ်းရှောင်ကြရခြင်းရဲ့ အကြောင်းရင်းကို မိမိတို့ ရှာဖွေကြဖို့ လိုအပ်ပါတယ်" ဟု ဦးဟင်နရီဗန်ထီးယူက စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောဆို လိုက်သည်။
ရခိုင်ပြည်နယ်အတွင်းမှ ထွက်ပြေးသွားသည့် မွတ်ဆလင်များနှင့်ပတ်သက်ပြီး အဖြေရှာရမည် ဆိုသည့် စကားကို စက်တင်ဘာ ၁၉ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ ပြောဆိုခဲ့ပြီး နောက် ဒုတိယသမ္မတက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထပ်လောင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်ပြီး "အခုအချိန်မှာတော့ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာပြီ ဆိုတာကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်" ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၁၇ မိနစ်ကြာ ပြောဆိုခဲ့သည့် မိန့်ခွန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်၌ နိုင်ငံတကာသံတမန်များကို ပြောဆိုခဲ့သည့် မိန့်ခွန်းနှင့် အချက်အလက်များ တူညီလျက်ရှိသည်။
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက လက်ရှိ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ၎င်း၏ မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုသွားခဲ့သည်။ယင်းအပြင် ပဋိပက္ခဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝမ်းနည်းမိကြောင်း ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး "ဒါဟာ အလွန်ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့ ပြဿနာ တစ်ရပ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး" ဟု ၎င်းကဆိုသည်။