ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ ။ ။ မလေးရှားနိုင်ငံက ဘာသာရေးကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၄ ရက်က မီးလောင်မှုဖြစ်ရာ ကျောင်းသားကလေးငယ်အများစုအပါအဝင် လူပေါင်း ၂၅ ဦးသေဆုံးသဖြင့် နှစ်များစွာအတွင်း နိုင်ငံမှာ အဆိုးဆုံးကြုံရသည့် မီးဘေးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
မြို့တော် ကွာလာလမ်ပူမြို့လယ်မှာ ရှိသည့် အဆိုပါ ကိုအာန်ကျမ်းစာသင် နှစ်ထပ်အဆောက်အအုံံ ကျောင်းတွင် အရုဏ်မတက်ခင်က မီးစတင်လောင်ခြင်း ဖြစ်သည်။
မီးသတ်သမားများ မီးလောင်ရာသို့ ရုတ်ခြည်းအရောက်သွားနိုင်ကာ တစ်နာရီအတွင်း ငြှိမ်းသတ်နိုင်သော်လည်း မီးမှာ ကြီးမားသဖြင့် ပျက်စီးမှု ပြင်းထန်ခဲ့သည်။ အဆိုပါ ကျောင်းဆောင် ပြာကျနေပုံ၊ မီးခိုးများ လွင့်တက်နေပုံံများ လူမှုမီဒီယာများတွင် ပျံ့နှံ့သည်။
“မီးလောင်မှုမှာ သေဆုံးသူ များခဲ့တယ်။ ကျွန်တော် အထင်တော့ နှစ်နှစ်ဆယ်အတွင်း နိုင်ငံမှာ ကြုံရတဲ့ အဆိုးဆုံးဘေးပဲ ဖြစ်လိမ့်မယ်။”ဟု ကွာလာလမ်ပူ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး ခီရူဒင်ဒရတ်မန်းက အေအက်ဖ်ပီသို့ ပြောသည်။
သေဆုံးသူများတွင် ကျောင်းသားက ၂၃ ဦး သေဆုံးပြီး လူလတ်ပိုင်း အစောင့်နှစ်ဦး သေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း၊ မီးခိုးမွှန်ခြင်း သို့မဟုတ် မီးလောင်ရာတွင် ပိတ်မိနေခြင်းများဖြင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“အခု မီးလောင်တဲ့ အကြောင်းရင်းကို ကျွန်တော်တို့ စုံစမ်းနေပါပြီ။”ဟု ၎င်းက ပြောသည်။
“မိသားစုတွေနဲ့အတူ ဝမ်းနည်းရတယ်။ နှစ်များစွာအတွင်းမှာ မြို့တော်မှာ အသက်တွေ အများကြီး ဆုံးရှုံးရတဲ့ အဆိုးဆုံးမီးဘေးတစ်ရပ်ပါပဲ။”ဟု အစိုးရအဖွဲ့ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သည့် လိုဂါဘာလာမိုဟန်က ပြောသည်။
“သေဆုံးမှု များတဲ့ ခုမီးဘေးကို လောင်ကျွမ်းရတဲ့ အကြောင်းရင်း အမြန်ဖော်ထုတ်ပေးဖို့ အစိုးရကို အားချင်းတိုက်တွန်းတယ်။ ဒါမှ နောက်ထပ်မီးဘေးတွေကို ကာကွယ်နိုင်မှာ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။
အာရုဏ်မတက်ခင် အချိန်က ကျောင်းဆောင်အိပ်ဆောင်ခန်းများမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အနီးနားတွင် မီးသတ်ဌာန ရှိ၍ မိနစ်ပိုင်းအတွင်း အရောက်သွားနိုင်ခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။