နေပြည်တော်၊ စက်တင်ဘာ၁၃ ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်သည့် အကြောင်း အရင်းလေးချက်ရှိသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ယနေ့ စက်တင်ဘာ ၁၃ ရက် ညခင်းပိုင်းက သမ္မတ အိမ်တော် သတင်းစာ ရှင်းလင်းပွဲလုပ်သည့် ခန်းမဆောင် အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ် မသွားဖြစ်ရသည့် အကြောင်းရင်းနှင့် ပတ်သတ်သည့် ကိစ္စရပ်အား နေပြည်တော်သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။
အထွေထွေ ညီလာခံ မတက်ဖြစ်ရသည့် ပထမအချက်သည် ရခိုင်ပြည်နယ်မောင်တော ဒေသ တွင်ဖြစ်ပွားခဲ့သော ARSAအကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ပြသာနာများကြောင့် ရခိုင်တိုင်းရင်းသားများ၊ မူဆလင် ဘာသာဝင်မျာ၊ ဟိန္ဒူ လူမျိုးစုများ၊ ရှေးယခင်ကတည်းက နေထိုင်ခဲ့တော့ ဒိုင်းနက် လူမျိုးများ စသည့် လူမျိုးများ သေကြေပျက်စီးပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထို့ကြောင့် “ပြေးတဲ့အခါမှာ ဒီဖြစ်စဉ်ပြန်ကြည့်လိုက်တော့ ဘင်္ဂါလီတွေက မြောက်ဘက် ကိုပြေးတယ်။ တိုင်းရင်းသားတွေက တောင်ဘက်ကိုပြေးတယ်။စစ်တွေဘက်ထိပြေးကြတယ်ပေါ့နော်။ အဲ့ပြေးသွားတဲ့ ဟာတွေမှာ ကျွန်တော်တို့ ပြန်ပြီးတော့ နေရာတွေစုစည်း နေရာ ၇နေရာ နဲ့ ပြန်လက်ခံဖို့လုပ်ထားတယ်။ တိုင်းရင်းသားတွေကိုတော့ သူတို့ရဲ့ ရွာတွေကို ကျွန်တော်တို့ ပြန်ပြီး ထားထားတယ်။ ပြန်ပြီးတော့ နေရာချထားတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းအရာများအပြင် လူသားချင်း စာနာထောက်ထားမှုများကိုလည်း ချက် ခြင်းလုပ်ဆောင်သွားမည် ဟုလည်း ဦးဇော်ဌေးက ပြောသည်။
ဒုတိယ အချက်သည် ရခိုင်ပြည်နယ်မောင်တော ကိစ္စရပ်များကြောင့် ပြည်တွင်းတွင် အစိုးရအား ဆန့်ကျင်ဆန္ဒြုပမှုများ နဲ့ ဆက်စပ်ပြီး စက်တင်ဘာ (၁၀)ရက်နေ့က ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေးဘက်သို့ ဆွဲသွားသည့် ပဋိပက္ခများ ကို အထူးအလေးထားပြီး ကြပ်မတ် လိုသည့် အတွက် ဖြစ်သည်။
တတိယအချက် အနေဖြင့် မြန်မာနိုင်ငံ မြို့ကြီး များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်မည်ဆိုသည့် သတင်းအချက်အလက်များကိုလည်း လုံခြုံရေး အတွက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်လည်း ဖြစ်သည်။
စတုတ္ထ အချက်ဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံတော်သမ္မတ၏ ခွဲစိတ်ကုသ မှု အောင်မြင်သော်လည်း ကျန်းမာရေးအရ မြန်မာနိုင်ငံကို ပြန်သေး၍ မရသောကြောင့် စသည့် အချက်များဖြစ်သည်ဟု ဦးဇော်ဌေးက ပြောသည်။
အဆိုပါ အချက်များကြောင့် လာမည့် စက်တင်ဘာလ ၂၀ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ သို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်မည်ဖြစ်သည်။
ယခင်က အထွေထွေညီလာခံကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အများဆုံးသွားရောက်ပြီး ဝန်ကြီး အဆင့်လောက်သာတက်ရောက်ခဲ့ပြီး ယခု ဒုတိယသမ္မတ သွားရောက်ရခြင်းနဲ့ပတ်သတ်ပြီး “မြန်မာနိုင်ငံ အထူးသဖြင့် စိတ်ဝင်စားနေတဲ့ ရခိုင်ကိစ္စပေါ့။ ကျန်တဲ့ ငြိမ်းချမ်းရေးကိစ္စ ဒါမျိုးတွေနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားဖို့ ဒုတိယသမ္မတ အဆင့်ပေါ့နော် သွားရောက်တာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။