မန္တလေး စက်တင်ဘာ ၂ ။ ။ ယခုနှစ်တွင် မီးပုံးပြုလုပ်သည့် ကုန်ကြမ်းဈေးနှုန်းများတက်သော်လည်း ယခင်နှစ် ဈေးနှုန်းအတိုင်းသာ ရာသီချိန်အမီ မန္တလေးမီးပုံးဈေးကွက်တွင် ရောင်းချပေးနေကြောင်း သိရသည်။
လက်ရှိ မန္တလေးမီးပုံးဈေးကွက်တွင် ယုန်၊ ကား၊ လေယာဉ်၊ သင်္ဘော၊ ရဟက်ယာဉ်၊ တင်ကား၊ မီးခွက်၊ အိမ်၊ အန်စာတုံး စသည့် ပုံစံများ အရောင်းအဝယ် သွက်လျက်ရှိပြီး မီးပုံးလက်လီဈေးနှုန်းများမှာ အရွယ်အစား နှင့် ပုံစံပေါ်မူတည်၍ ကျပ်(၅၀၀) မှ ကျပ်(၄၀၀၀) ဈေးရှိသည်။
'' မှန်ရောင်စက္ကူဈေး၊ ဘီးလုံးဈေး ကုန်ကြမ်းဈေးတွေ ဒီနှစ် ဈေးမြှင့်ပေးဝယ်ရတယ်၊ ဒါပေမယ် မီးပုံးတွေကို အရင်နှစ်က ဈေးအတိုင်း ရောင်းပေးနေပါတယ်၊ ဘာလ့ိုလဲဆိုရင် မြို့တွင်းထက် နယ်မြို့တွေက အမှာများတယ်၊ နယ်မြို့ကလူတွေ သယ်ယူစရိတ်ရှိနေတဲ့အတွက် ကုန်ကြမ်းဈေးတက်နေပေမယ့်အရင်နှစ်ကဈေးအတိုင်း ဒီနှစ် ရောင်းပေးနေပါတယ် '' ဟု ဖိုးကျော် မီးပုံးလုပ်ငန်း ပိုင်ရှင် မကြည်ကြည်ဌေးက ပြောသည်။
ရာသီချိန်နီးလာသည်နှင့် နယ်မြို့များမှ အမှာအော်ဒါများကို စတင်လက်ခံကာပြုလုပ်ပေးနေရပြီး သီးသန့်အော်ဒါမှာယူသော မီပုံးအရုပ်ဆိုဒ်အကြီးများကိုပါ ပြုလုပ်ပေးလျက်ရှိသည်။
'' ပုံမှန်ဖောက်သည်တွေက စမှာနေကြပါပြီ၊ အရောင်းအဝယ်ကလည်း အဆင်ပြေပါတယ်၊ မူဆယ်တို့ မြစ်သားတို့ မတ္တရာတို့ ဖက်က လာမှာကြတယ်၊ နယ်တော်တော်များများက လာမှာကြပါတယ်၊ မြို့ပေါ်ထက် နယ်တွေက ပိုရောင်းရတယ်၊ မြစ်သား၊ ကျောက်ဆည်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ နေရာတွေက အများဆုံးယူတယ်၊ ကုန်သည်တစ်ဦးကို အနည်းဆုံး (၁၀)သိန်းဖိုး ယူကြတယ် '' ဟု ဖိုးကျော် မီးပုံးလုပ်ငန်း ပိုင်ရှင် မကြည်ကြည်ဌေးက ပြောသည်။
မန္တလေးမြို့ရှိ မီးပုံးလုပ်ငန်းများမှ (၂၀၁၆)ခုနှစ်တွင် မီးပုံးအရေအတွက် သုံးသောင်းကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်တွင် သြဂုတ်နောက်ဆုံးအပတ်ထိ မီးပုံး နှစ်ထောင်ကျော် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။