သြဂုတ် ၃၁၊ မက်ဒရစ်။ ။ စပိန်နှင့် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ဖလား ၆ လုံးရယူနိုင်စွမ်းရှိနေသည် ဟု ကွင်းလယ်ကစားသမားဟောင်း အလွန်ဆိုက ယုံကြည်နေသည်။
ယမန်နှစ်က လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားရထားသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိရာသီအစပိုင်းတွင် ယူအီးအက်ဖ်အေစူပါဖလားနှင့် စပိန်စူပါဖလား ရရှိထားသည်။
ဇီဒန်း၏ရီးယဲလ်မက်ဒရစ်အသင်း လာလီဂါချန်ပီယံဆုကိုကာကွယ်နိုင်မည်ဟု ရေပမ်းစားနေပြီး ကလပ်ကမ္ဘာ့ဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကိုလည်းရယူနိုင်လိမ့်မည်ဟု ထင်ကြေးပေးခံနေရသည်။
“ရှုပ်ထွေးခက်ခဲပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဖြစ်နိုင်ပါတယ်။ မက်ဒရစ်က တစ်ကမ္ဘာလုံးကို ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့လေးနှစ်အတွင်းအသင်းရဲ့ပုံစံနဲ့ ကစားပုံကိုကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ ဥရောပမှာသာမက ကမ္ဘာ့ပြိုင်ပွဲတွေမှာပါ အလားအလာကောင်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ကိုယ်ဘယ်လောက်ထိဆက်ပြီးအောင်မြင်နိုင်တယ်ဆိုတာကို ဘယ်တော့မှမသိနိုင်ဘူးဆိုပေမယ့် လက်ရှိအခြေအနေတွေက အရမ်းကောင်းလာနိုင်ပါတယ်။ နည်းပြဇီဒန်းကလည်း သူ့ရဲ့နေရာမှာဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုပြထားတယ်”ဟု အလွန်ဆိုက ပြောသည်။
Ref; goal.com