ရန်ကုန်၊ သြဂုတ် ၂၃ ။ ။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်(ALP) ဌာနချုပ်ကို ရက္ခိုင့်တပ်(AA) က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ALP ဌာနချုပ် ကျသွားပြီဖြစ်သည်ဟု ALP ပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက မဇ္ဈိမကို အတည်ပြုပြောဆိုခဲ့သည်။
"တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ ALP စခန်းကို လာတိုက်တာဖြစ်တယ်။ မနေ့က လက်နက်ကြီးတွေနဲ့ ဌာနချုပ်ကို ဝင်ပစ်တယ်။ ဌာနချုပ်က ကျသွားပြီဖြစ်ပါတယ်" ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ALP ဘက်မှ ရဲဘော်တစ်ဦးကျဆုံးသွားပြီး နှစ်ယောက်ပျောက်ဆုံးနေကာ သုံးဦး ဒဏ်ရာရရှိသည်ဟု ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒေါ်စောမြရာဇာက အတည်ပြုချက်ပေးသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်(AA)ဘက်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
"ရခိုင်အချင်းချင်းတစ်ဦးကိုတစ်ဦး ဒီလို ရန်ငြိုးတွေနဲ့ လုပ်တာ ရခိုင်အတွက် လုံးဝမကောင်းဘူး။ တစ်ယောက်ရဲ့ ဌာနချုပ်ကို တစ်ယောက်က မသိမ်းသင့်ဘူး၊ ဒီလိုဖြစ်လာမယ်လို့ လုံးဝမမျှော်လင့်ဘူး၊ AA က အနောက်ဖက်ကမ်းကို ရောက်လာခဲ့ရင် ကျွန်မတို့နဲ့ မိတ်ဆွေလိုပဲ ဆက်ဆံမယ်လို့မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်" ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်(ALP) အနေဖြင့် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း ရက္ခိုင့်တပ်(AA)ကမူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိပေ။