ဒါကာ၊ သြဂုတ် ၂၁ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူလတန်း ကျောင်းဆရာမတစ်ဦးသည် ကလေးများအား အပြစ်ပေးသည့်အနေဖြင့် မိလ္လာရေ အတင်းသောက်ခိုင်းခဲ့သည်ဟု စွဲဆိုတိုင်တန်းချက်များကြောင့် စုံစမ်းစစ်ဆေးရန် အာဏာပိုင်များ အမိန့်ပေးထားကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင် ပြောသည်။
ဒါကာမြို့တော် တောင်ပိုင်း ဂျာဂျီရာအရပ်မှ မူလတန်းဆရာမ ရှာနက်ဇ်ပါဗင်ကို ကျောင်းသားမိဘများက တိုင်ကြားထားခြင်း ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၈ ဦးကို မိလ္လာရေ အတင်းသောက်ခိုင်းသည့် တိုင်တန်းချက်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဂျာဂျီရာ အုပ်ချုပ်ရေးမှူး ရာဟီလာက ဆိုသည်။
"ဒီဆရာမမှာ အပြစ်တွေ့ရင် တရားရေးအရ လိုအပ်သမျှ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။"ဟု ၎င်းက ပြောသည်။
အသက် ၂၅ နှစ်ရှိ ဆရာမ ပါဗင်ကမူ ကလေးများအား မိလ္လာရေ အတင်းသောက်စေသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ငြင်းပြီး သင်ခန်းစာ မလိုက်နာသည့် ကလေးများကို ခြောက်လှန့်မိခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောသည်။
ဆရာမ၏ အပြုအမူသည် ရှုတ်ချစရာဖြစ်ကြောင်း ဖြစ်ပွားခဲ့ရာ ဂန်ဂါပရာဆတ် မူလတန်းကျောင်းမှ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဆိုပြီး စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ကြည့်သွားမည်ဟု ပြောသည်။
"ကလေးငယ်လေးတွေကို ခြောက်လှန့်တာ ဆိုလည်း ဒါမျိုးက လုံးလုံးလက်ခံစရာ မရှိဘူး။"ဟု ဂျာဂျီရာ ပညာရေးမှူး ဟာဖီဇာက ပြောသည်။
ကလေးများအား တိုက်ရန်အတွက် မိလ္လာရေ ထည့်ထားသော ခရားတစ်ခုက ဆရာမဖြစ်သူ ပါဗင်နှင့် ရှိနေခြင်းကြောင့် ကလေးများ ကြောက်ရွံ့ပျို့အန်စရာ ဖြစ်ခဲ့ရသည်။
"သား ဆရာမက သားကို ရေခရားနဲ့ မိလ္လာရေတွေ သွားခပ်ခိုင်းပါတယ်။ နောက်တော့ အတန်းထဲက ကျန်တဲ့သူတွေကို တိုက်ပါတယ်။"ဟု အမည်မသိ ကျောင်းသားတစ်ဦးက ပြောသည်။
၂၀၁၀ ခုနှစ်က စပြီး ကျောင်းများတွင် ရိုက်နှက်အပြစ်ပေးခြင်းများကို တားမြစ်လိုက်သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ယခုဖြစ်ရပ်ကြောင့် စိတ်ဆိုးဒေါသ ထွက်ကြရသည်။