သြဂုတ် ၁၉ ။ ။ ရုရှနိုင်ငံ မြောက်ပိုင်းက မြို့တစ်မြို့မှာ ဓားကိုင်အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာတွေကို လိုက်လံတိုက်ခိုက်လို့ ရှစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပြီး အဆိုပါတိုက်ခိုက်သူအမျိုးသားကိုလည်း ရဲက ပစ်သတ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
အဆိုပါ ဓားကိုင်အမျိုးသားဟာ ဆာဂတ်မြို့လယ်လမ်းမပေါ်မှာ လမ်းသွားလမ်းလာတွေကို အကြောင်းမဲ့ ဓားနဲ့လိုက်ထိုးခဲ့တာကြောင့် ရှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တာဖြစ်ကြောင်း ရုရှ စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ပါတယ်။
ယင်းနောက် ရဲတွေ ချက်ချင်းရောက်လာပြီး ၎င်းတိုက်ခိုက်သူကို ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့လည်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ မော်စကိုမြို့ရဲ့ အရှေ့မြောက် ကီလိုမီတာ ၂,၁၀၀ အကွာ ဆာဂတ်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဓားထိုးခံခဲ့ရသူတွေအနက် နှစ်ဦးက အခြေအနေစိုးရိမ်ရပြီး ငါးဦးလောက်ကတော့ စိုးရိမ်စရာမရှိဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်သူအမျိုးသား ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်လုပ်ခဲ့ရလဲဆိုတာကို တာဝန်ရှိသူတွေက ဖော်ထုတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။