မန္တလေး၊ သြဂုတ် ၁၇ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ် သိန်းထက်နိုင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် သြဂုတ်လ ၁၆ ရက်က တရားစွဲအရေးယူလိုက်ကြောင်း သိရသည်။
အဆိုပါ အရေးယူခံရသူသည် လက်ရှိ ပုသိမ်ကြီးမြို့နယ်၊ မြို့မရဲစခန်းတွင် ရဲအုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရပြီး ဒုရဲအုပ်တာဝန် ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သောအမှု ဖြစ်သည်။
ထိုသို့အရေးယူခံရခြင်းကို ပုသိမ်ကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲအုပ်မြင့်ဦးက "အဂတိလိုက်စားမှု တိုက်ဖျက်ရေးက စစ်ဆေးရေးမှူး ဦးမျိုးနိုင်က တရားလို လုပ်ပြီးတရားစွဲတာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က အမှုပါ။ ဒုရဲအုပ်ဘဝက ဖြစ်ခဲ့တဲ့အမှုပါ။ အခု ရဲအုပ်တောင်ဖြစ်နေပါပြီ။"ဟု မဇ္ဈိမကို အတည်ပြု ပြောသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၄ ရပ်ကွက်တွင်နေထိုင်သည့် နစ်နာနေသူဟုဆိုသူက ဒုတိယရဲအုပ် သိန်းထက်နိုင်(ယခု ရဲအုပ်)သည် ပုသိမ်ကြီးမြို့နယ်တရားရုံး၌ ရာဇဝတ်ကြီးအမှုအမှတ် ၂၁၇၀/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ဖြင့် စစ်ဆေးခံနေရသောအမှုတွင် လာဘ်ငွေရယူခဲ့ခြင်း အား အရေးယူပေးရန် အမျိုးသားလွှတ်တော်သို့တိုင်ကြားခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ဒုရဲအုပ် သိန်းထက်နိုင်(ယခု ရဲအုပ်)သည် တရားခံ၏ သားဖြစ်သူထံက ငွေကျပ် ၁၀ သိန်းကို အကြိမ်ကြိမ် ခွဲ၍ ရယူခြင်းနှင့်KTV ဆိုင်များသို့ခေါ်ယူပြီး သီဆိုစားသောက် ကုန်ကျစရိတ် ၅၅၀၀၀၀ကို ရှင်းလင်းစေခိုင်းခြင်းများ တွေ့ရှိရခြင်းကြောင့် ပုသိမ်ကြီးမြို့နယ်၊ မြို့မရဲစခန်းတွင် သြဂုတ်လ ၁၄ ရက်က (ပ)၁၄၇/၂၀၁၇ဖြင့် အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်တွင်၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆို အရေးယူခဲ့ဖြစ်ကြောင်းသိရသည်။
အဆိုပါအမှုကို ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် သြဂုတ်လ ၂၅ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။