သြဂုတ် ၁၆ ။ ။ နိုင်ငံမှာ နေထိုင်တဲ့ ဂျူးဘာသာဝင် သုံးဦးအား သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်း လူငယ်တစ်ဦးရဲ့ နေအိမ်ကို ယခုအခါ အစ္စရေးအာဏာပိုင်တွေက သွားရောက် ဖြိုချဖျက်ဆီးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဂျူးဘာသာဝင် မိသားစုဝင် သုံးဦးကို အသတ်သေတဲ့အထိ တိုက်ခိုက်သတ်ဖြတ်ခဲ့သူ အသက် ၁၉ နှစ်အရွယ် ပါလက်စတိုင်းလူငယ် အိုမာ အယ်လ် အာဘတ်ရဲ့ နေအိမ်ကို သွားရောက်ဖြိုချခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။
West Bank မှာရှိတဲ့ ခိုဘာကျေးရွာမှာ တည်ရှိတဲ့ နှစ်ထပ်အဆောက်အအုံ နေအိမ်ကို စစ်ကားတွေနဲ့ ဘူဒိုဇာတွေနဲ့ လာရောက်ဖြိုချသွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ဂျေရုဆလင်မှာရှိတဲ့ အထင်ကရ အထင်ကရ ဘုရားကျောင်းတစ်ခုဝင်းအတွင်း ဖြစ်ပေါ်ထားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ဇူလိုင် ၂၁ ရက်က အစ္စရေးမိသားစုသုံးဦးကို ပါလက်စတိုင်းလူငယ် အာဘတ်က တိုက်ခိုက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က အာဘတ်ကို ပစ်ခတ်ပြီး ဖမ်းဆီးထားခဲ့ရပါတယ်။
အလားတူ တိုက်ခိုက်သူ လူငယ် အိုမာ အယ်လ် အာဘတ်ရဲ့ မိဘနှစ်ပါးနဲ့ အကိုသုံးယောက်ကိုလည်း အစ္စရေးအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်တွေမှာပဲ ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။
အာဘတ်ရဲ့ မိသားစုဝင်တွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်မယ့် အာဘတ်ရဲ့ အစီအစဉ်တွေကို သိသိကြီးနဲ့ တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
အစ္စရေးတို့အနေနဲ့ကတော့ ယခင်တုန်းကလည်း ယခုလို ပါလက်စတိုင်း တိုက်ခိုက်သူတွေရဲ့ နေအိမ်တွေကို ဖြိုချဖျက်ဆီးပစ်လေ့ရှိပြီး အကြောင်းရင်းကတော့ နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာနိုင်အောင်လို့ ဖြစ်တယ်လို့ သိရပါတယ်။