သြဂုတ် ၁၅၊ ရန်ကုန်။ ။ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၇ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှာ ထိုင်းအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်းမှာ ထိုင်းအသင်းကို ပွဲချိန် ၂၃မိနစ်တွင်သွင်းယူခဲ့သည့် ဝင်းသိဂီင်္ထွန်း၏ သွင်းဂိုးဖြင့် ပထမပိုင်းအပြီးတွင် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့်အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုခဲ့ရသည်။
ထိုင်းအသင်းအတွက် ပထမချေပဂိုးကို ဒုတိယပိုင်း ၆၈မိနစ်တွင် ရက်တီကန်က ပြန်လည်သွင်းယူခဲ့ပြီး ပွဲချိန် ရ၄မိနစ်တွင် ၄င်းကပင်ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့သည်။ ထိုင်းအသင်း ၂ - ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် မြန်မာအသင်းအတွက် ချေပဂိုးကို ဝင်းသိဂီင်္ထွန်းကပင် မိနစ် ၈၀ မှာ ရရှိသည့် အလွတ်တည်ကန်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ပြန်လည်ရယူခဲ့သည်။ ထိုင်းအသင်းအတွက် အဖိုးတန်သုံးမှတ်ရစေမည့်အနိုင်ဂိုးကို ပွဲချိန် ၈၄မိနစ်တွင် အိုရာထိုင်းက သွင်းယူခဲ့သည်။
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် အသင်းငါးသင်း ပါဝင်ယှဉ်ပြိုင်နေပြီး အုပ်စုပတ်လည်ပုံစံကစားကာ ရမှတ်အများဆုံးအသင်းများ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ လက်ကျန်ပွဲစဉ်များအဖြစ် သြဂုတ် ၁၇ရက်တွင် အိမ်ရှင်မလေးရှား( မြန်မာစံတော်ချိန်ည ရး၁၅)၊ သြဂုတ် ၂၀ တွင် ဗီယက်နမ် (မြန်မာစံတော်ချိန် နေ့လည် ၂း၃၀)၊ သြဂုတ် ၂၂ တွင် ဖိလစ်ပိုင် (မြန်မာစံတော်ချိန် ည ရး၁၅) အသင်းတို့နှင့်ကစားရမည်ဖြစ်သည်။