မန္တလေး၊သြဂုတ် ၁၄ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုမှာ စိုးရိမ်ရေအမှတ် ကျော်လွန်နေပြီဖြစ်သောကြောင့် အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုတစ်ချို့ ရွှေ့ပြောင်းနေရသလို မြို့ပေါ်ရပ်ကွက်တစ်ချို့လည်း သြဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းမှစတင်၍ ရေလွတ်ရာသို့ ရွှေ့ပြောင်းမှုများလုပ်နေရကြောင်း ခန္တီးမြို့မကျောင်း ဆရာတော် ဦးကဝိက မိန့်ကြားသည်။
"အနိမ့်ပိုင်းက ရပ်ကွက်တွေက မနေ့က ကတည်းကရွှေ့နေရတယ်။ ဒီနေ့ကတော့ မြို့ထဲထိဝင်လာပြီဆိုတော့ မြို့ထဲအိမ်ထောင်စု တစ်ချို့ရွှေ့နေကြတယ်။ ဘုန်းကြီးတို့ကတော့ အားလုံး လိုအပ်တာ ကူညီပေးနေတယ် "ဟု ဆရာတော် ဦးကဝိက မိန့်ကြားသည်။
ရေဘေးသင့်နေသည့် ဒေသခံများကို အရပ်ဘက် ပရဟိတအဖွဲ့အစည်းများ၊ ဆရာတော်၊ သံဃာတော်များက ဦးဆောင်၍ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကူညီဆောင်ရွက်ပေးနေသူ ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်က"ရွှေ့ပြောင်းဖို့ အခက်အခဲဖြစ်နေသူတွေကို ကူညီပေးနေပါတယ်။ တိရိစ္ဆာန်တွေလည်း ရေလွတ်ရွှေ့ပြောင်းနေတယ်။ ရက်ကတော့ အတက်နှေးတယ်။ ဒါပေမယ့် စိုးရိမ်ရေအမှတ်ကိုတော့ မနေ့က ကတည်းက ကျော်နေတယ်။"ဟုပြောသည်။
ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် 1360cm ဖြစ်ပြီး လက်ရှိယနေ့ နံနက် ၈ နာရီ ၃၀မိနစ်တွင် 1498 cmသို့ ရောက်ရှိလုနီးပါးဖြစ်နေကြောင်း ခန္တီးမြို့မကျောင်းဆရာတော် ဦးကဝိ ကမိန့်ကြားသည်။
ခန္တီးမြို့တွင် မြို့မ၊ သာစည်၊ အောင်သာနှင့် ဇီးဖြူကုန်းရပ်ကွက်တို့ မြစ်ရေဝင်ရောက်မှုများနေခြင်းကြောင့် ဒေသခံများကို မြသိန်းတန်ဘုရားကုန်နှင့်မြို့မ ဘုန်းတော်ကြီးကျောင်းတို့တွင် ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။