စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Malignant ကို ထုတ်လုပ်မည့် ဒါရိုက်တာဂျိမ်းစ်ဝမ်နှင့်အတူ ပူးပေါင်းရိုက်ကူးရန် အတွက် Stranger Things ဇာတ်လမ်းတွဲ၏ ဒါရိုက်တာများထဲမှ တစ်ဦးဖြစ်သော ရေဘက္ကာ သောမတ်စ်အား Fox ကုမ္ပဏီက ငှားရမ်းခဲ့သည်။
အဆိုပါရုပ်ရှင်အား ဂျိမ်းစ်ဝမ်ပူးတွဲ ဖန်တီးထားသည့် Boom! စတူဒီယို၏ Malignant Man ဟု အမည်ရသော ရုပ်ပြဇာတ်လမ်းကို အခြေခံ၍ ရိုက်ကူးမည်ဖြစ်ပြီး ဇက်ခ်အိုလ်ကီဝတ်ခ်က ဇာတ်ညွှန်းရေးသားပေးထားသည်။
ဂျိမ်းစ်ဝမ်သည် အဆိုပါရုပ်ရှင်တွင် ထုတ်လုပ်သူအဖြစ်ရော ဒါရိုက်တာအဖြစ်ပါ ပါ၀င်မည်ဖြစ်သည်။
ရုပ်ရှင်မှာ ပြင်းထန်သော ရောဂါဝေဒနာကို ခံစားနေရသည့် လူနာတစ်ဦးသည် နောက်ဆုံးတွင် သူ့ထံ၌ရှိနေ သော ဆိုးဝါးသည့် အကျိတ်လုံးကြီးမှာ ဂြိုလ်သားကပ်ပါးကောင်ဟု သိရှိလိုက်ပုံကို ဇာတ်အိမ်တည်ထားမည် ဖြစ်သည်။ ထို့နောက်တွင် သူသည် လျှို့ဝှက်စစ်တပ်ကြီးတစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရန် ခိုင်းစေခံရပုံကို ကြည့်ရှု ရမည်ဖြစ်သည်။
အမျိုးသမီးဒါရိုက်တာ သောမတ်စ်သည် လွန်ခဲ့သော ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့သည့် Electrick Children ကို ရိုက်ကူးခဲ့ပြီး လက်ရှိတွင် Universal စတူဒီယိုအတွက် The Little Mermaid နှင့် Paramount စတူဒီယို အတွက် Looking for Alaska ဇာတ်ကားများကို ရိုက်ကူးပေးနေသည့် အတွေ့အကြံုရင့် ဒါရိုက်တာတစ်ဦး ဖြစ်သည်။