ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်သည့် Rolling Stones အဖွဲ့၏ ဂစ်တာတီးသမားဖြစ်သူ ရော်နီဝုဒ်က ယခုနှစ် အစောပိုင်းတွင် သူသည်အဆုတ်ကင်ဆာရောဂါ ခံစားနေရကြောင်းကို စစ်ဆေးတွေ့ရှိအပြီးတွင် အလွန်ကို ထိတ်လန့်ကြောက်ရွံ့နေမိခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် ရ၀အရွယ် ဂစ်တာသမားကြီးက ဆေးစစ်မှုများ အဖန်ဖန်ပြုလုပ်အပြီးတွင် ဆရာဝန်များက သူ၏ အဆုတ်ဘယ်ဘက်ခြမ်း၌ ကင်ဆာဆဲလ်များ ပျံနှံ့နေကြောင်း ပြောဆိုခဲ့ချိန်၌ ထိုအချိန်သည် နှုတ်ဆက်ခွဲခွာဖို့ အချက်ပြသည့် အချိန်ဖြစ်ပြီဟု တွေးမိခဲ့ကြောင်း ပြောဆိုခဲ့သည်။ ဒါ့အပြင် ဆရာဝန်များကို သူ၏ကိုယ်တွင်းမှ ကင်ဆာဆဲလ်များအား ဖယ်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ရော်နီဝုဒ်က ဖွင့်ဟခဲ့သည်။
ဒါ့အပြင်ရော်နီဝုဒ်က တစ်စုံတစ်ရာလွဲမှားသွားမည်ကို စိုးရိမ်သောကြောင့် ဓာတုကုထုံးများနှင့် ကုသဖို့ ငြင်းဆန် ခဲ့ပုံကိုလည်း Daily Mail သတင်းဌာနအား သြဂုတ်လ ၆ ရက်နေ့က ပြောဆိုခဲ့သည်။
“ ကျနော့်ဆံပင်တွေ ကျွတ်သွားမှာကို ကျနော်မလိုလားပါဘူး။ ဒီဆံပင်တွေကို လုံးဝအကျွတ်မခံနိုင်ပါဘူး” ဟု သူက ဓာတုကုထုံးနှင့် မကုသဖို့ ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းကို ပြောကြားခဲ့သည်။
သူသည် သူ၏အဆုတ်အတွင်း၌ ဖြစ်ပွားနေသော အနာကိုကုသပေးနေသည့် ဆရာဝန်များအား ကျေးဇူးတင် ကြောင်း မေလကပြောဆိုခဲ့ပြီး သုံးလတစ်ကြိမ် ဆေးစစ်မှုခံယူနေကြောင်း ဆက်လက်ပြောဆိုခဲ့သည်။