ရန်ကုန်၊ သြဂုတ် ၃ ။ ။ မူးယစ်ဆေးမှုဖြင့် ထောင်ဒဏ်၆နှစ် ကျခံရပြီး ၂၀၁၇ ဖေဖော်ဝါရီလတွင် ရဲဘက်စခန်းမှထွက်ပြေးလာသူကို မူးယစ်ဆေးနှင့်အတူ ဇူလိုင်၃၁ရက်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရဲဘက်ပြေးဖြစ်ကြောင်း သတင်းရရှိထားသူ သံခဲ (ခ)မျိုးမြင့်ကို မရမ်းကုန်မြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်၌ ဇူလိုင်၃၁က ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးရာတွင် Red Ruby စီးကရက်ဘူးခွံအတွင်း ပလပ်စတစ်အကြည်ရောင်အိတ်ငယ်ဖြင့် ထည့်ထားသည့် ဆေးခြောက်ဟုယူဆရသော အရိုးအရွက်ခြောက် ၂.၀၁ ဂရမ်၊ မီးခြစ်တစ်လုံး၊ နှင်းဆီတံဆိပ် ဆေးပေါ့လိပ်အတွင်း ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသော အရိုးအရွက်ခြောက် ၀.၈၃ ဂရမ်တို့အား တွေ့ရှိခဲ့သည်။
ထို့ ကြောင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ မယ(ပ)၉/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဖမ်းဆီးရမိသူ သံခဲ(ခ)မျိုးမြင့်သည် ၂၀၁၅ ခုနှစ်က လှိုင်မြို့မရဲစခန်း မယ(ပ)၈/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆/(ဂ)/၂၁ ဖြင့် ထောင်ဒဏ်(၆) နှစ်ချမှတ်ခံရပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ရွှေသူဌေး စိုက်ပျိုးရေးနှင့် မွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာသည့် ရဲဘက်ပြေးဖြစ်သည်။
လက်ရှိအချိန်တွင် မူးယစ်ဆေးမှုဖြင့် အမှုဖွင့်ထားပြီး ရဲဘက်ပြေးအဖြစ် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။