၀ါရှင်တန်၊ သြဂုတ် ၃ ။ ။ မြောက်ကိုရီးယားနိုင်ငံမှ ၄င်းတို့၏ ကမ္ဘာ့တိုက်ကြီးများကြား ပစ်လွှတ်နိုင်သော ပဲ့ထိန်းတပ်ဒုံးပျံ (ICBM) ကို စမ်းသပ်ပစ်လွှတ်ပြီး ရက်ပိုင်းအကြာတွင် အမေရိကန်စစ်တပ်မှလည်း လက်နက်တပ်ဆင်ထားခြင်းမရှိသော ICBM ဒုံးပျံကို ဗုဒ္ဓဟူးနေ့က အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောခဲ့ သည်။
ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘာ့ဂ်လေတပ် အခြေစိုက်စခန်းမှ ပစ်လွှတ်မည့် ဒုံးပျံစမ်းသပ်မှုများကို ရက်သတ္တပတ် နှင့် သို့မဟုတ် လနှင့်ချီ၍ ကြိုတင်စီစဉ်ရသော်လည်း ပြီးခဲ့သောအပတ်က မြောက်ကိုရီးယားတို့ဘက်မှ ICBM ဒုံးပျံ စမ်းသပ်ပစ်လွှတ်မှုကြောင့် အခြေအနေများ တင်းမာနေချိန်တွင် အမေရိကန်တို့ဘက်မှ ယခုလိုမဆိုင်းမတွ စမ်းသပ်လိုက်ခြင်း ဖြစ်သည်။
“မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကို တု့ံပြန်ဖို့ ပစ်လွှတ်လိုက်တာ မဟုတ်ပါဘူး။ ယခုစမ်းသပ်မှုဟာ အမေရိကန် ပြည်ထောင်စုရဲ့ နျူကလီးယားစီမံကိန်းတွေဟာ ဘေးကင်းကြောင်း၊ လုံခြံုကြောင်းနဲ့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် ရန်စတိုက်ခိုက်လာမှုမှန်သမျှကို ဟန့်တားဖို့၊ ကာကွယ်ဖို့ အသင့်ရှိနေကြောင်း ပြသလိုက် တာဖြစ်ပါတယ်” ဟု လေတပ်ဌာနချုပ်မှ ထုတ်ပြန်ကြေညာခဲ့သည်။
Mintueman III ဟု အမည်ပေးထားသော အဆိုပါဒုံးပျံကို ကယ်လီဖိုးနီးယား လေတပ်စခန်းမှ ဒေသစံတော် ချိန် ဗုဒ္ဓဟူးနေ့မနက် ၂:၀၁ နာရီခန့်တွင် စမ်းသပ်ခဲ့ကြောင်း အဆိုပါလေတပ်ဌာနချုပ်မှ ဆက်ပြောခဲ့သည်။
အဆိုပါ ICBM ဒုံးပျံသည် ကယ်လီဖိုးနီးယားတောင်ပိုင်း ဗန်ဒန်ဘာ့ဂ်လေတပ်စခန်းမှ ကောင်းကင်ယံသို့ ထိုးတက်ပျံသန်းသွားကာ မာရှယ်လ်ကျွန်းစုများရှိ ကွာဂျာလိန်းအက်တောလ်ကျွန်းသို့ ဦးတည်ပြီး အကွာအဝေး ၄၂၀၀ မိုင်အထိ ပျံသန်းသွားခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားတို့က ၄င်းတို့၏တိုးတက်လာသော ဒုံးပျံစနစ်ကို နိုင်ငံတကာအား ခြိမ်းခြောက်သတိပေးထား ပြီး လွန်ခဲ့သောဇူလိုင်လကလည်း ခေါင်းဆောင်ကင်မ်ဂျံုအမ်း ကိုယ်တိုင်ဦးစီးကာ ICBM ဒုံးပျံနှစ်ခုကို ပစ်လွှတ် စမ်းသပ်ခဲ့သည်။
ထိုဒုံးပျံစမ်းသပ်မှုထဲမှ ပထမတစ်ခုကို “အမေရိကန် အယုတ်တမာကောင်များ” အတွက် လက်ဆောင်ဟု ကင်မ်ဂျံုအမ်းက ရည်ညွှန်းပြောဆိုခဲ့ပြီး ထိုဒုံးပျံသည် အမေရိကန်နိုင်ငံမှ အလက်စကာပြည်နယ်အထိ ရောက်ရှိ နိုင်ကြောင်း သိရသည်။
ဒါ့အပြင် ပြီးခဲ့သောအပတ်က ပစ်လွှတ်ခဲ့သော ဒုတိယ ICBM ဒုံးပျံသည် အကွာအဝေးများစွာအထိ ရောက်ရှိ နိုင်ပြီး ကျွမ်းကျင်သူများ၏ အဆိုအရ နယူးယောက်မြို့အထိကိုပင် ချိန်ရွယ်ပစ်လွှတ်နိုင်ကြောင်း သိရသည်။