နေပြည်တော်(ဇူလိုင် ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်၊ ကုတင်(၁၀၀၀)ဆံ့ဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ရာသီတုပ်ကွေးရောဂါ H1N1 သံသယရှိလူနာနှစ်ဦး တွေ့ရှိခဲ့ရာမှ တစ်ဦးမှာ H1N1 လူနာအဖြစ် အဖြေရရှိကြောင်း အဆိုပါ ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ဖြစ်သူ ဒေါက်တာအောင်လင်းအေးက ဇူလိုင် ၃၁ရက်က အတည်ပြု ပြောကြားသည်။
“သူကတော့ ရန်ကုန်က အဖြေအရ Positive ထွက်ပါတယ်။ သူက ကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် ဒီနေ့ပဲ ဆေးရုံဆင်းပြီးတော့ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ နေပြည်တော်မှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု ဒေါက်တာအောင်လင်းအေးက ပြောသည်။
နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လာရောက်ကုသကြသည့် လူနာများအနက် အသက်(၂၄)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ရလသားအရွယ် ကလေးငယ်တို့အား ပြီးခဲ့သည့် ဇူလိုင် ၂၈ရက်က H1N1 သံသယလူနာများအဖြစ် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးနှင့်ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတွင် H1N1 တွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိခြင်းလည်း ဖြစ်သည်။ ရလသားအရွယ် ကလေးငယ်ကမူ “အဖြေမသိရသေးပါဘူး” ဟု ဒေါက်တာအေးလင်းအေးက ဆိုသည်။
ဇူလိုင်လ တတိယပတ်ကစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 09) ဖြစ်ပွားမှုမှာ လူနာစုစုပေါင်း ၅၁ ဦးရှိပြီး သေဆုံးသူ ၁၀ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၀ရက်တွင် သတင်းထုတ်ပြန်ထားသည်။