ချင်းမိုင်၊ဇူလိုင်လ ၂၁ ။ ။ သေဒဏ် ကျခံနေရသော မြန်မာနိုင်ငံသားနှစ်ဦး အမှု နောက်ဆုံး အယူခံ တင်ရန်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသဖြင့် ကော့စမွေတရားရုံးသို့ အချိန်တစ်လ ထပ်မံ တိုးမြှင့်တောင်းဆိုလိုက်သည်ဟု မြန်မာသံရုံးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ထိုင်းရှေ့နေများ ကောင်စီက ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ ထိုင်းတရားရုံးချုပ်သို့ နောက်ဆုံး အယူခံတင်ရန်အတွက် ပြင်ဆင်ချိန် တစ်လ တိုးမြှင့် တောင်းဆိုခြင်း ဖြစ်သည်။
“ ထိုင်းရှေ့နေများကောင်စီက အယူခံရက် ထပ်ပြီး တိုးတောင်းမယ်လို့ ပြောပါတယ်။ ၁၈ ရက်နေ့မှာပဲ ညနေပိုင်းမှာ အမိန့်ချပါတယ်။ အယူခံရက် ထပ်တိုးရပါတယ်။ ငါးကြိမ်မြောက် အယူခံတစ်လ ထပ်တိုး လိုက်ပါတယ်။ ပြင်ဆင်စရာ ကျန်သေးတယ်လို့ ပြောတာပဲ။ ၈၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ။ ဒါပေမယ့် ဒီတစ်ပတ်တော့ တင်ဖြစ်မယ်လို့ ထင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ရှေ့နေများက တင်သွင်းခဲ့သော အယူခံကို မတ်လ ၁ ရက်နေ့က ထိုင်းအယူခံံရုံးက ပယ်ချခဲ့ပြီးနောက် ယခုတစ်ကြိမ်တောင်းဆိုမှုမှာ ငါးကြိမ်မြောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
လာမည့် သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အယူခံ တင်နိုင်လိမ့်မည်ဟု သူက ပြောသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလတို့ လိပ်ကျွန်းတွင် အသတ်ခံရသဖြင့် ကိုဇော်လင်းနှင့် ကိုဇော်လင်းတို့ကို ဖမ်းဆီး တရားစွဲဆိုကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ် အမိန့်ချမှတ်ခဲ့သည်။