စတန့်မင်းသား ဂျွန်ဘာနက်ကာသည် The Walking Dead ရုပ်ရှင်ရိုက်ကွင်းတွင် အမြင့်မှပြုတ်ကျခဲ့သော ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် သေဆုံးခဲ့သည်။
လူကြိုက်များသော ဖုတ်ကောင်ဇာတ်လမ်းတွဲဖြစ်သည့် Walking Dead ၏ ရှစ်တွဲမြောက်အပိုင်းကို ဗုဒ္ဓဟူးနေ့က အတ္တလန်တာမြို့၌ ရိုက်ကူးနေစဉ်တွင် ယခုလိုဝမ်းနည်းဖွယ်ရာ မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ရ ခြင်းဖြစ်ကြောင်း AMC ရုပ်သံလိုင်းက တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂျော်ဂျီယာရှိ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအရာရှိက ဘာနက်ကာသည် အပြင့်ပေ၂၀ခန့်မှ ပြုတ်ကျခဲ့ပြီး ရရှိခဲ့သောဒဏ်ရာများကို အတ္တလန်တာဆေးရုံ၌ ကုသနေစဉ်အတောအတွင်း သေဆုံးခဲ့ကြောင်း စနေနေ့တွင် အတည်ပြုပေးခဲ့သည်။
စတန့်မင်းသားဂျွန်ဘာနက်ကာသည် ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့သော Fantastic Four အပြင် Black Panther နှင့် Logan ဇာတ်ကားများ၌လည်း စတန့်ပြကွက်များ၌ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။
The Walking Dead ထဲတွင် Negan ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သော ဂျက်ဖရေးဒင်းမော်ဂန်က “ဒီနေ့ အလွန်ကိုဝမ်းနည်းရပါတယ်။ မနက်ဖြန်များစွာအထိကို ဝမ်းနည်းနေရဦးမှာပါ” ဟု တွစ်တာ၌ ရေးသား ကာ သူ့ကို ရည်စူးဂုဏ်ပြုခဲ့သည်။
Ref: BBC