နယူးယောက်၊ ဇူလိုင် ၁ ။ ။ အမေရိကန်နိုင်ငံ နယူးယောက်ရှိ ဘရွန့်ဇ်လီဘနွန်ဆေးရုံတွင် ဇွန် ၃၀ ရက်က သေနတ်သမား တစ်ဦး ဝင်ရောက်လာကာ ပစ်ခတ်မှု ကျုးလွန်ခဲ့သည်။
ယင်းပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြား ခြောက်ဦး ဒဏ်ရာရရှိကာ သေနတ်သမားက သူကိုယ်ကိုကို ပစ်ခတ်အဆုံးစီရင်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“ခုဖြစ်တဲ့ မှုခင်းအတွက် ကျွန်တော်တို့ အသေးစိတ်စုံစမ်းနေပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတော့ မဟုတ်ပါဘူး။”ဟု ဆေးရုံအပြင်ဖက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ဆိုသည်။
ယင်းဆေးရုံက အလုပ်သမားဟောင်း ဒေါက်တာ ဟန်နနီဘဲလ်လိုသည် နေ့လည် သုံးနာရီခန့်အချိန်က ဆရာဝန် လောင်းကုတ်အဖြူဝတ်ဆင်ကာ ရိုင်ဖယ်သေနတ်အား သိုဝှက်ယူဆောင်ပြီး ဆေးရုံအတွင်း ဝင်ရောက်ကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။
ဘဲလ်လိုက အမျိုးသမီးရူပဗေဒပညာရှင်တစ်ဦးကို ပစ်သတ်ပြီး အခြားခြောက်ဦးကို ဒဏ်ရာရစေပြီးနောက် ကိုယ်ကိုကို ပစ်သတ်သွားခြင်းဖြစ်သည်။
ဒဏ်ရာရသူများတွင် ငါးဦးအခြေအနေက စိုးရိမ်ရသည်။
ဘဲလ်လိုက ကိုယ်ကိုကို မီးရှို့ဖို့ ကြိုးစားသေးရာ ဆေးရုံက မီးပေးအချက်ပေးသံများ ထွက်ပေါ်ခဲ့ကြောင်းလည်း ရဲမင်းကြီး အိုနေးလ်က ပြောသည်။
“ခုလိုဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့ အမှန်တကယ် ဝမ်းနည်းရပါတယ်။”ဟု မြို့တော်ဝန် ဘလာစီယိုက ပြောခဲ့သည်။