ဇွန် ၂၆ ။ ။ တရုတ်နိုင်ငံမှာ အကျဉ်းကျခံနေခဲ့ရပြီး ခုချိန်မှာ ကင်ဆာရောဂါခံစားနေရလျက်ရှိတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောင်ဘို ကို တရုတ်အာဏာပိုင်တွေက အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ပြီး ဆေးကုသခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ထင်ပေါ်ကျော်ကြားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ လျူဟာ ၎င်းကျခံနေရတဲ့ ထောင် ၁၁ နှစ်မှာ သုံးနှစ်ကျခံဖို့ ကျန်ရှိနေသေးတယ်ဆိုပေမယ့် သူ့မှာ ကင်ဆာခံစားနေရတာကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်စလို့ သိရှိခဲ့ရပြီးနောက် ယခုလို အာဏာပိုင်တွေက လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ၎င်းရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။
အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ လျူဟာ ယခုအချိန်မှာ Shenyang မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေတယ်လို့ ဆိုပါတယ်။
" သူ့မှာ တစ်ခြား ဘာအစီအစဉ်မှ မရှိပါဘူး၊ ခု ကျန်းမာရေး မကောင်းလို့ ဆေးကုသရုံသက်သက်ပါ" လို့ ၎င်းရဲ့ ရှေ့နေ မိုရှောင်ဖိန်က ပြောပါတယ်။
အဆိုပါ လူ့အခွင့်အရေးလှုပ်ရှားသူနဲ့ စာရေးဆရာဖြစ်သူဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစီအစဉ်တစ်ခုကို ဦးစီးဦးဆောင်ရွက်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာ ထောင်ကျခဲ့သူလည်း ဖြစ်ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ ၎င်းကို နိုဘယ်ငြိမ်းချမ်းရေးဆုချီမြှင့်ခဲ့ပြီး အော်စလိုမြို့က ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့ပါဘူး။