ဇွန် ၂၀ ။ ။ တာဝန်ထမ်းဆောင်တာ တစ်လသာ ရှိသေးပေမယ့် ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဆယ်လ်ဗီ ဂူလာ့ဒ် ဇွန်လ ၂၀ ရက်မှာပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။
ဥရောပပါလီမန်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂူလာ့ဒ်အနေနဲ့ ပါလီမန်တုန်းက အသုံးစရိတ်တွေ အလွဲသုံးထားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မကြာခင် စုံစမ်းစစ်ဆေးခံရဖို့ရှိနေပြီး ယခုလို အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကနေပါ နှုတ်ထွက်သွားခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပြင်သစ်ရွေးကောက်ပွဲမှာတော့ သမ္မတ မက်ခရွန်အနိုင်ရပြီးနောက် အမျိုးသမီးကာကွယ်ရေးဝန်ကြီးအဖြစ် ဂူလာ့ဒ်ကိုခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခုလို အီးယူပါလီမန်တုန်းက ငွေအလွဲသုံးထားမှု စွဲချက်နဲ့ စုံစမ်းခံရတော့မယ့် အရေးကြောင့် သူမအနေနဲ့ အခုလို အစိုးရအဖွဲ့မှာ ဆက်ရှိနေဖို့ မသင့်တော့လို့ ယခုလို ဆုံးဖြတ်တာဖြစ်ကြောင်း ဂူလာ့ဒ်က ပြောပါတယ်။
ယခုလ အစောပိုင်းကတော့ ပါရီမြို့က ရှေ့နေတွေက ဂူလာ့ဒ်ရဲ့ MoDem ပါတီအနေနဲ့ အီးယူပါလီမန်ရန်ပုံငွေတွေ အလွဲသုံးခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို စုံစမ်းစစ်ဆေးသွားမယ်ဆိုပြီး ထုတ်ဖော်ထားခဲ့ပါတယ်။