ရန်ကုန်၊ ဇွန် ၅ ။ ။ မြန်မာ့ စပါးကြီးမြွေ အောင်လအန်ဆန်သည် ရှုံးပွဲမရှိစံချိန်တင်ထားသည့် ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash)နှင့် ထပ်မံရင်ဆိုင် ထိုးသတ်ရမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သည့် ဇန်နဝါရီလက ONE Middleweight World Championship ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် စိန်ခေါ်ထိုးသတ်ခဲ့ကြသည်။ ထိုစဉ်က အောင်လအန်ဆန်က ရှုံးနိမ့်ခဲ့ရသည်။
“အရင်ပြိုင်ပွဲတုန်းက ပြိုင်ပွဲနားနီးတော့မှ သိခဲ့ရလို့ အကောင်းဆုံး မထိုးသတ်နိုင်ခဲ့ဘူး။ အခုဒီပွဲမှာတော့ စခန်းသွင်းလေ့ကျင့်ချိန်အပြည့်နဲ့ ပြင်ဆင်ချိန်ကောင်းကောင်းရတဲ့အတွက် ကျွန်တော် လုပ်နိုင်စွမ်းရှိသမျှထက်ပိုပြီး အကောင်းဆုံးဖြစ်စေရမယ်လို့ ကတိပြုပါတယ်” ဟု အောင်လအန်ဆန်က ဆိုသည်။
ယခုအကြိမ်တွင် ဘစ်ဒက်ရှ်သည် ပြိုင်ဘက်မြေတွင် မိမိ၏ ချန်ပီယံဆုကို ကာကွယ်ရမည်ဖြစ်ပြီး အောင်လအန်ဆန်ကို အားပေးသည့် ပရိတ်သတ်အများစုရှေ့တွင် ယှဉ်ပြိုင်ရမည့်ပွဲလည်းဖြစ်သည်။
ဘစ်ဒက်ရှ်က “ကြိုးဝိုင်းထဲကို ပြန်ဝင်လာရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး ဒီပွဲဟာ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ အောင်လအန်ဆန်နဲ့ သူ့ရဲ့ထိုးသတ်ပုံတွေကို လေးစားပေမဲ့လည်း ကျွန်တော် အိမ်ကိုပြန်တဲ့အခါမှာတော့ အောင်မြင်မှုနဲ့အတူ ပြန်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပါတ်ကလည်း ကျွန်တော့်ပခုံးပေါ်မှာပဲ ရှိနေမှာပါ” ဟု ပြောသည်။
အောင်လအန်ဆန် နှင့် ဘစ်ဒက်ရှ်တို့၏ ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ONE: LIGHT OF ANATION ၏ အဓိကတွဲဆိုင်းအဖြစ် ထိုးသတ်မည်ဖြစ်သည်။
အခြားတွဲဆိုင်းများကို လက်ရှိအချိန်တွင် အတည်မပြုရသေးသော်လည်း နောက်ရက်များတွင် ကြေညာပေးသွားမည်ဟု သိရသည်။