လက်ရှိ ဂျိမ်းစ်ဘွန်းမင်းသားဖြစ်သော ဒန်နီရယ်ခရိတ်ခ်သည် အင်္ဂါနေ့က အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန် သွားခဲ့သော ၀၀၇ အေးဂျင့်အဖြစ် အချိန်ကြာမြင့်စွာ သရုပ်ဆောင်ခဲ့သူ ဂျိမ်းစ်ဘွန်းမင်းသားဟောင်းကြီး ဆာရော်ဂျာမိုးအား ရည်စူးဂုဏ်ပြုခဲ့သည်။
ခရိတ်ခ်သည် ဆာရော်ဂျာနှင့်အတူ ညစာစားပွဲဝတ်စုံ ဝတ်ဆင်ပြီး တွဲရိုက်ထားသော ဓာတ်ပုံကို အင်တာနက် ပေါ်သို့တင်ခဲ့ကာ “ ဘယ်သူမှ သူ့လောက်ကောင်းအောင် သရုပ်မဆောင်နိုင်ပါဘူး” ဟု ရေးသားခဲ့သည်။
ဂျိမ်းစ်ဘွန်းဇာတ်ကား ၇ ကား၌ သရုပ်ဆောင်ခဲ့သော မင်းသားကြီး ဆာရော်ဂျာမိုးသည် သူ့အမြင်၌ ဆာရှောင်ကွန်နရီသည် အကောင်းဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကောင်ဖြစ်ကြောင်းနှင့် လက်ရှိဂျိမ်းစ်ဘွန်းဇာတ်ကောင် နေရာ၌ သရုပ်ဆောင်နေသူ ဒန်နီရယ်ခရိတ်ခ်ကို ရရှိထားခြင်းသည် ပရိတ်သတ်များအတွက် ကံကောင်းသည် ဟု ပြောခဲ့ဖူးသည်။
ခရိတ်ခ်၏ ဂျိမ်းစ်ဘွန်းဇတ်ကောင်ကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင် ၄ကားထဲ ၌ သရုပ်ဆောင်ခဲ့ဖူးသူ ပီရာ့စ်ဘရော့စ်နန်ကလည်း ဆာရော်ဂျာမိုးအား ကြီးကျယ်ခမ်းနားသူ တစ်ဦးဖြစ်ကြောင်း ရည်စူးဂုဏ်ပြုခဲ့သည်။
ဘရော့စ်နန်က “ဆာရော်ဂျာမိုးရေ ဒီနေ့မနက်မှာ ခင်ဗျားကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကျနော်ကြားလိုက် တဲ့အချိန်မှာ တကယ့်ကို စိတ်ထိခိုက်ရပါတယ်” ဟု အင်စတာဂရမ်၌ ဆာရော်ဂျာနှင့် တွဲရိုက်ထားသော သူ၏ ဓာတ်ပုံကိုတင်ကာ ရေးသားခဲ့သည်။
ဆာရော်ဂျာမိုးသရုပ်ဆောင်ခဲ့သော ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲ၌ Moonraker ၊ A View To A Kill နှင့် The Man With The Golden Gun တို့မှာ နာမည်ကျော်ကြားသော ဇာတ်ကားများဖြစ်ကြသည်။
ဆွစ်ဇာလန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့သူ ဆာရော်ဂျာမိုး၏ အသုဘအခမ်းအနားကို သူ၏ဆန္ဒအရ မိုနာကို၌ သီးသန့်အခမ်းအနားဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သူ၏ သားသမီးများက ပြောခဲ့သည်။
Ref: Sky News