မေ ၁၆၊ လန်ဒန်။ ။ ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိသည်ဟု ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဝက်ဖို့ဒ်ကို ၄-၃ ဂိုးဖြင့်အနိုင်ရသည့်ပွဲ၌ အသင်းကို ဦးဆောင်ခဲ့ပြီးနောက် ပြောသည်။
နွေရာသီတွင် ချယ်လ်ဆီးအသင်းမှထွက်ခွာတော့မည့် အသက် ၃၆ နှစ်အရွယ်ကစားသမားသည် ပရီးမီးယားလိဂ်ချန်ပီယံ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။
ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့တွင် ရာသီသိမ်းပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းကို လက်ခံကစားရမည်ဖြစ်သည်။
“တနင်္ဂနွေနေ့ပွဲဟာ ကျွန်တော့်ရဲ့နောက်ဆုံးပွဲဆိုတာရယ်၊ ကစားသမားဘဝကနားတော့မယ်ဆိုတာရယ်ကို ကျွန်တော်ငြင်းဖို့ မရှိပါဘူး။
တကယ်လို့ ပြည်တွင်းကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ် သင့်တော်တဲ့ကမ်းလှမ်းမှုတွေရောက်လာရင်တော့ ကျွန်တော့်မိသားစုနဲ့အတူ စဉ်းစားသွားမှာပါ။
အမှန်အတိုင်းပြောရရင်တော့ ခုထိဘာဆုံးဖြတ်ချက်မှမချရသေးဘဲ လက်ရှိအချိန်မှာ ဖြစ်နိုင်ချေအားလုံးကို တွက်ချက်သုံးသပ်နေ ပါတယ်”ဟု တယ်ရီက ပြောသည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းတယ်ရီသည် ချယ်လ်ဆီးအသင်းတွင် နှစ် ၂၀ ကျော်ရှိလာပြီးနောက် လာမည့်နွေရာသီတွင် ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့်လတွင် ကြေညာထားသည်။
ယင်းဗဟိုနောက်ခံလူမှာ ချယ်လ်ဆီးအသင်းတွင် ဆုဖလားအများဆုံးရထားသည့်ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ငါးကြိမ်၊ အက်ဖ်အေဖလား ငါးကြိမ်၊ လိဂ်ဖလားသုံးကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလား တစ်ကြိမ်စီရထားသည်။
၁၉၉၈ မှစတင်ပြီး ချယ်လ်ဆီးအသင်းနှင့် ၇၁၆ ပွဲကစားထားရာတွင် ၅၇၉ ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ကစားထားခြင်း ဖြစ်သည်။
Ref; BBC