မြောက်ဦး၊ မေ ၁၄ ။ ။ မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်လာရန် ပြင်ဆင်လျှက်ရှိနေရာ ပြီးခဲ့သည့်နှစ်မှစတင်ကာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်အများအပြားကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက် ရှိသည့်အတွက် ဒေသခံများမှာ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့ကို ကမ္ဘာအမွေအနှစ်အဖြစ် စာရင်းဝင်နိုင်ရန် ဆောင်ရွက်နေခြင်းမှာ မြောက်ဦးမြို့ပေါ်၌ နေထိုင်လျှက်ရှိကြသည့် လူနေအိမ်များကို ဖယ်ရှားရန်အတွက် မဟုတ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက RiA သို့ ပြောသည်။
“ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကို ဝင်တဲ့နေရာမှာ ပြည်သူတွေနေတဲ့အိမ်တွေကို ဖယ်ရှားပစ်မယ်ဆိုတာက ဒါနည်းနည်းလေး အဆင့်ကျော်နေပြီလို့ ကျွန်မထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကို ဝင်ဖို့ဆိုတာသည် ပြည်သူတွေအိမ်တွေကို ဖယ်ရှားမှာမဟုတ်ဘူး။ မြို့ကွက်သစ်တစ်ခုဖော်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နေရာကို ပြည်သူတွေ ဆန္ဒအလျှောက်ပြောင်းရွှေ့လာအောင် ဖိတ်ခေါ်သွားမှာပဲ ဖြစ်ပါတယ်။”ဟု ဒေါ်ခင်သန်းက ပြောသည်။
လက်ရှိတွင် မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ လူနေအိမ်ပေါင်း တစ်သောင်းခန့်ကို ရွှေ့ပြောင်းပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာရန် လုပ်ဆောင်မည်ဟု သတင်းများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် နေအိမ်သစ်များ ဆောက်လုပ်ခွင့် နှင့် အိမ်ဂရမ်များပြုလုပ်ခွင့် မရရှိတော့သည့်အတွက် အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရသည်။
“မိမိတို့ချစ်တဲ့ သမိုင်းအမွေအနှစ်တွေကို နားလည်လာအောင် တန်ဖိုးထားတတ်လာအောင် ပြုလုပ်ပေးရမှာပါ။ သူတို့ကိုယ်တိုင်က မြို့သစ်နေရာကိုပြောင်းရွှေ့လာအောင် ဆွဲဆောင်ဖို့လိုအပ်ပါတယ်။ ဒါကတော့ အခုချက်ချင်း နင်ဒီဟာကြီးကို ကျူးကျော်ထားတာ နင်ဖယ်ဆိုပြီးတော့ လုပ်လည်းမလုပ်သင့်ဘူး။ ဟုတ်လည်းမဟုတ်ဘူး။”ဟု ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် မြောက်ဦးယဉ်ကျေးမှုနယ်မြေတွင်းမှ လူနေအိမ်များကို ပြောင်းရွှေ့ပြီး လက်ရှိနေရာအား မြို့ဟောင်း နယ်မြေအဖြစ် ပြုလုပ်နိုင်ရန်အတွက် မြို့ကွက်သစ်တစ်ခုကို ဖော်ဆောင်ရန် ပြင်ဆင်လျှက်ရှိကြောင်းသိရပြီး ယင်းမြို့ကွက်သစ် ဖော်ဆောင်မှုအတွက် မြေနေရာများ သတ်မှတ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။