ပခုက္ကူ၊ မေလ ၈ ။ ။ မေလ ၇ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်အတွင်း ရှိကျေးရွာအချို့တွင် နေအိမ်များ ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။
"ညက လေက တော်တော်များများ ပျက်စီးတယ်။ ညကတည်းက သတင်းတွေလှမ်းယူထားတာရော ခု မနက်သွားထားတာရောကို သက်ဆိုင်ရာကို သတင်းပို့ထားတယ်။ ခုမနက် ကျွန်တော်သွားကြည့်ထားတာ ရွာ ၆ရွာလောက် ပျက်စီးထားတာတွေ့ရတယ်။ အဲ့ဒီအထဲမှာ တွေ့ရတာက ၂ရွာလောက်က အခြေအနေဆိုးတယ်။ ကျန်တဲ့ ၂ ရွာ လောက်လည်း အခြေအနေဆိုးတယ်ကြားတယ်"ဟု တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် ပခုက္ကူမြို့နယ် ကျေးရွာများတွင် တစ်ရွာလုံးနီးပါး လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
"တစ်ရွာလုံး အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတယ်။ ပျက်စီးသွားတာက ၇၄ အိမ်၊ လူလုံးဝ နေလိုမရတာက ၂၈ အိမ် ၃၀ ဝန်းကျင်ရှိတယ်"ဟု ပခုက္ကူမြို့နယ် ချောင်းဂွကျေးရွာမှ ဒေသခံဦးကျော်ဆွေက ဆိုသည်။
ကျေးရွာအလိုက် ပျက်စီးမှုများ ရှိနေပြီး အချို့ကျေးရွာများတွင် ၈၀ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသည်ဟု ဖောင်းကွဲကျေးရွာ အုပ်ချုပ်ရေးမှူးဦးမော်ဌေးကပြောသည်။
“ကျွန်တော့ကျေးရွာအနေနဲ့ ပျက်စီးမှုက ၇၅ရာခိုင်နှုန်းလောက်ရှိတယ်။ အိမ်အလုံးလိုက် ကျွတ်တာက ၂၅ ရာခိုင်နှုန်း ရှိတယ်။ အုပ်စုလုံးချိန်ကြည့်ရင် ၈၀ရာခိုင်နှုန်းလောက် ရှိတယ်"ဟု ဦးမော်ဌေးက ပြောသည်။
ကျေးရွာအသီးသီး၏ ပျက်စီးခဲ့သည့် နေအိမ်စာရင်းများအား ဌာနဆိုင်ရာမှ လိုက်လံကောက်ယူနေပြီး ပျက်စီးနေအိမ်များအား တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ကူညီပေးလျှက်ရှိကြောင်း တွေ့ရသည်။