ရန်ကုန်၊ ဧပြီ ၁၉။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် သတ်မှတ်ထားသည့်ရက် တစ်ဝက်ကျော်ကြာသည်အထိ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသူကိုယ်စားလှယ် တစ်ဦးမှ မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက မဇ္စျိမသို့ ပြောသည်။
“မရှိသေးဘူး။ ရုံးတွေလည်း ပိတ်ထားတယ်။ ၂၄ ရက်နေ့မှ ဖွင့်မှာ။ ၂ ရက်နေ့မှာ ကြေငြာတာဆိုတော့ ၁ ရက်နေ့ထိဖြစ်သွားမှာပေါ့။ အကုန်လုံးသွင်းရမှာ ပြိုင်တဲ့သူအားလုံးသွင်းရမှာ၊ ၉၄ ယောက်စလုံးသွင်းရမှာ နိုင်တဲ့သူရော ရှုံးတဲ့သူရော အကုန်သွင်းရမှာ"ဟု ၎င်းက ဆိုသည်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်တင်မြောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်အမည်ကို ကြေငြာသည့်နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧပြိီ ၃ ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်သည်။
အနိုင်ရလွတ်တော်ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက်နေ့တွင် ကြေငြာခဲ့ပြီး ဧပြီ ၁၉ရက်တွင် ၁၈ ရက်ပြည့်ပြီဖြစ်သည်။
ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကုန်ကျစရိတ်စရင်း မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခံရမည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် ပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလမှ ဝင်ရောက်ပြိုင်သူ စုစုပေါင်း ကိုယ်စားလှယ် ၉၅ ဦးရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၆ ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ကိုယ်စားလှယ်လောင်းများအနေဖြင့် အမည်စာရင်းတင်သွင်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စရင်းပုံစံ ၂၀ ဖြင့် မေလ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။