ရန်ကုန်၊ ဧပြီ ၁၈ ။ ။ ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် အားလုံးအတိုင်းအတာဖြင့် ကျပ်သိန်း ၃၀၀ ကျော် ၄၀၀ နီးပါးထိခိုက်ဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
“အားလုံးပေါင်း သူတို့မှန်းထားတာ သိန်း ၃၈၉ သိန်းကျော်လားမသိဘူး။ ပျက်စီးတယ်ပေါ့နော်။ ဒါက အားလုံးပျက်စီးတာကို ပြောတာ"ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္စျိမသို့ ပြောသည်။
သို့သော် လတ်တလော တွက်ချက်ရရှိသည့် ဧပြီ ၁၈ရက်ထိ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသာဖြစ်ပြီး စုစုပေါင်း စာရင်းချုပ်ထွက်လာမှ ပိုပြီး တိတိကျကျဖြစ်နိုင်မည်ဟု ၎င်းက ဆိုသည်။
ငွေကျပ်သိန်း ၃၀၀ ကျော်ဆုံးရှုံးသည် ဆိုသော်လည်း ထိခိုက်မှုအများကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
“အများကြီးတော့မဟုတ်ဘူး။ အိမ်တွေမှာ အမိုးလှန်တာတို့ အဲ့လောက်ပဲ။ တဲတွေကတော့ ပြိုတာပေါ့နော်"ဟု ၎င်းက ပြောသည်။
မာရသာမုန်တိုင်းကြောင့် လူသေဆုံးမှုအနေဖြင့် ဓာတ်လိုက်သေဆုံးသူ ၂ ဦးနှင့် သစ်ပင်ပိသေဆုံးသူ ၂ဦးရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ရေကြီးပြီးသည့်နောက် သန့်ရှင်းသည့် သောက်သုံးရေ မရရှိမှုကြောင့် ဝမ်းပျက်ဝမ်းလျှောကဲ့သို့ ရောဂါများကိုလည်း သတိပြုရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
မုန်တိုင်းဖြစ်ပွားပြီးသည့်နောက်တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်လာနိုင်သည်ဟု လူမှုဝန်ထမ်း၊ ပြည်လည်ကယ်ဆယ်ရေးနှင့် နေရာချထားရေးဝန်ကြီးဌာနမှသိရသည်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီး ကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် လူနေအိမ်(၁၆)လုံးပြိုလဲခဲ့ပြီး (၁၅)လုံးအမိုးလန် ပျက်စီးခဲ့ကြောင်းနှင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိဂေါ်ရမ်ဂျီကျွန်းမြေသားလမ်း ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။