ပဲခူး၊ မတ်လ ၂၅ ။ . ။ ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ ပြည်မြို့တွင် လူငယ်တစ်ဦးက နိုင်ငံရေးသမားတစ်ဦးအား လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဂုဏ်သိက္ခာကျဆင်းစေမည့် သတင်းအမှားများ ဖော်ပြမိခဲ့သည့်အတွက် ပြန်လည်တောင်းပန်ပွဲတစ်ခုမတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သည်။
နိုင်ငံရေးသမား ကိုဝင်းလှိုင် အား ပြည်ဟစ်တိုင်အထူး ဖေ့ဘွတ်ခ်ပေ့ချ်တွင် ပြည်မြို့အုန်းတောရပ်ကွက်နေ ကိုကောင်းထက်ကျော် ဆိုသူက Kaung Htet Kyaw (Kee Lay) အကောင့် ဖြင့် ဂုဏ်သိက္ခာကျဆင်းစေမည့် သတင်းအမှားများ တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ကျွန်တော် ဦးဝင်းလှိုင်ကို သတင်းအမှားတွေရေးခဲ့ မိတယ်။ ကျွန်တော့အနေနဲ့ ဘာရည်ရွယ်ချက်မှမရှိပါဘူး။ ဖြစ်လာတဲ့ လူငယ်တွေရဲ့ ဒေါသအလျောက် ပြောခဲ့မိတာပါ။ ကိုဝင်းလှိုင်အနေနဲ့ ခွင့်လွှတ်နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"ဟု ကိုကောင်းထက်ကျော်က တောင်းပန်ပွဲတွင် ဆိုသည်။
အကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ကိုကောင်းထက်ကျော်အား အင်တာနက်ဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် အရေးယူပေးရန် ပြည်မြို့ အမှတ် (၁)ရဲစခန်း၌ ကိုဝင်းလှိုင်က မတ်လ ၂၂ ရက်တွင် တရားလိုလုပ် တိုင်တန်းထားခဲ့သည်။
"ကလေးက ကျွန်တော့ကို သေချာမသိဘူး။ ဘေးလူတွေပြောစကားနဲ့ လမ်းပေါ်ထွက် လုပ်စားနေတဲ့ လူကြီးဆိုပြီး ဖေ့ဘွတ်ပေါ်မှာ တင်မိတယ်။ ကျွန်တော်ကလည်း လူကြီးပီပီ ခွင့် လွှတ်ပေးလိုက်တယ်"ဟု ကိုဝင်းလှိုင်က ပြောသည်။
အဆိုပါတောင်းပန်ပွဲကို ပြည်မြို့ မြေလတ် ဂျာနယ်လစ်ကွန်ယက်ရုံးခန်းတွင် ပြုလုပ်ခဲ့ ပြီး လူမှုနိုင်ငံရေး တက် ကြွလှုပ််ရှားသူများ ၊ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့သည်။
ကိုဝင်းလှိုင် သည် လယ်သမားအရေး ၊ လူ့အခွင့်အရေးနှင့့်တရားဥပဒေစိုးမိုးရေး၊ ငွေတိုးချေးစားမှုပပျောက်ရေး အပါအဝင် လူထု နိုင်ငံရေးလှုတ်ရှားမှုများ ကြောင့် ယခင်အစိုးရလက်ထက်က ထောင်အကြိမ်ကြိမ်ကျခဲ့သူဖြစ်သည်။ တစ်ကိုယ်တော်ဆန္ဒပြမှုများကို ပြုလုပ်သဖြင့် တစ်ကိုယ်တော် ဝင်းလှိုင်ဟု လူသိများပြီး ပြည်မြို့နယ် တရားရုံးကို တစ်ပတ်တစ်ကြိမ် ဆန္ဒပြနေသူဖြစ်သည်။