ရန်ကုန် မတ် ၂၃ ။ ။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်သာလိုတော့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ်သိရှိမှု အားနည်းနေသေးကြောင်း Generation Tree Founder မလှလှဝင်းက ပြောသည်။
Generation Tree အဖွဲ့သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အသိပညာပေးဆောင်ရွက်သည့်အနေဖြင့် မတ်လ ၂၃ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကြည်စုကျေးရွာတွင် လက်ကမ်းစာစောင် တစ်ထောင်ကျော် ဖြန့်ဝေခဲ့သည်။
“၂ လပိုင်းတုန်းကတော့ မသိတဲ့လူတွေ အများကြီးရှိခဲ့တယ်။ အခုချိန်အထိလည်း မဲစာရင်း ကြည့်ဖို့ အများကြီး တိုက်တွန်းနေရတယ်။ တစ်ချို့နေရာတွေမှာ တစ်ယောက်စ ၊ နှစ်ယောက်စလောက်ပဲ လာကြည့်လို့ အများကြီးတိုက်တွန်းနေရတယ်” ဟု Generation Tree Founder မလှလှဝင်းက ပြောသည်။
ယခုလို ပညာပေးလုပ်ငန်းများဆောင်ရွက်နေသော်လည်း ပြည်သူအချို့က စိတ်ဝင်စားမှုလျော့ကျနေဆဲ ဖြစ်သည်။
“လူတွေစိတ်ဝင်စားမှု နည်းနေတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးထားပေမဲ့လည်း အလုပ်မလုပ်ဘူးလို့ တွက်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးကို သူတို့မပိုင်တဲ့အတွက် စောင့်ဆိုင်းအလုပ်လုပ်နေရတာကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုလျော့ ကျနိုင်တာဖြစ်တယ်” ဟု ကြည်စု အရှေ့ကျေးရွာမှ ဦးတင်ဦးကပြောသည်။
ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေသည့် မဲဆန္ဒနယ်၂၂ မြို့နယ် ရှိသည်။