မတ် ၂၁၊ လစ္စဘွန်း ။ ။ ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆုပေးပွဲအခမ်းအနားကို လစ္စဘွန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုက အသင်းဖော် နောက်ခံလူပီပီကိုကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ရီးယဲလ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့လို့ အခုလို ဆုရရှိခဲ့တာ ဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်မှာ ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ရယူနိုင်ခဲ့ပြီး ပေါ်တူဂီနိုင်ငံအတွက် ပထမဆုံးယူရိုဖလားကြီးရရှိအောင်လည်း အဓိကနေရာက ကူညီပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ စီရော်နယ်ဒိုဟာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုနဲ့ Ballon d’Or ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက် မဲပေးရွေးချယ်ခဲ့ရာမှာ စီရော်နယ်ဒိုက နောက်ခံလူပီပီနဲ့ဂိုးသမားပက်ထရီစီယိုတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပြီး ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအတွက် ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမား ရီနာတိုဆန်းချက်ဇ်က အတိုးတက်ဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
အခုလိုဆုု ရရှိခဲ့လို့ ပေါ်တူဂီအသင်းဖော်တွေ ရီးယဲလ်အသင်းဖော်တွေ၊ နည်းပြတွေနဲ့ အဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ကြောင်း စီရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်