မကွေး၊ မတ် ၂၀ ။ ။ နွေရာသီရောက်တိုင်း ရေရှားပါးလေ့ရှိသည့် မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေ ရရှိရေးအတွက် အထက်မင်းလှမြို့နယ် သဘာဝဘေးအန္တရာယ်သင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးအဖွဲ့နှင့် မင်းလှ-မလွန် ပရဟိတအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အညာဒေသ ထုံးစံအတိုင်း ပူပြင်းခြောက်သွေ့လာပြီဖြစ်သည့် နွေရာသီရောက်တိုင်း အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လူအပါအဝင် ကျွဲ၊ နွားတိရိစ္ဆာန်များအတွက် သောက်သုံးရေရှားပါးလေ့ရှိသည်။
"ရေအသက် တစ်မနက်ဆိုသလို ရေအခက်အခဲအတွက် အထက်မင်းလှမြို့နယ် သဘာဝဘေး အန္တရာယ်သင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ မင်းလှ-မလွန် ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ရေတိုအထောက်အကူအဖြစ် သောက်သုံးရေ ပေးပို့လှုဒါန်းခြင်းနဲ့ ရေရှည် အထောက်အကူအဖြစ် စက်ရေတွင်းတူးဖော်လှူဒါန်းခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဒေသအတွင်း ရေလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းခဲ့ကြပါတယ်" ဟု အဖွဲ့ခေါင်းဆောင် ဒေါက်တာရဲထွန်းဇော်က မဇ္ဈိမသို့ပြောသည်။
ယခု ၂၀၁၇ နွေရာသီမှာလည်း အပူချိန်မြင့်တက်ပြီး ကျေးရွာများတွင် သောက်သုံးရေရှားပါးမှု ကြံုတွေ့လာနိုင်၍ အထက်မင်းလှမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးနေသော ကျေးရွာများ၊ ရေရှားပါးမှုကြံုတွေ့လာပါက ၎င်းတို့အဖွဲ့ထံ အကူညီတောင်းခံနိုင်ကြောင်း သိရသည်။