ဖေဖော်ဝါရီ ၂၃ ။ ။ နေစကြာဝဠာ အပြင်ဘက်မှာ ကမ္ဘာဂြိုဟ်အရွယ် ဂြိုဟ်ကြီး ခုနှစ်လုံးကို ထပ်မံရှာတွေ့ခဲ့ပြီး ယင်းတို့ဟာ အာကာသဟင်းလင်ပြင် ကြယ်စင်စုအတွင်းက ကြယ်ငယ်တစ်လုံးကို လှည့်ပတ်နေလျက်ရှိတယ်လို့ နက္ခတ္တ ဗေဒ ပညာရှင်တွေက ထုတ်ပြန်ကြေညာသွားပါတယ်။ ယင်းတွေ့ရှိချက်ကြောင့်လည်း နေစကြာဝဠာ အပြင်ဘက်မှာ လူသားတွေ နေထိုင်လို့ ရနိုင်မယ့်နေရာ ရှာဖွေနေမှုပိုင်းမှာ အလားအလာ ပိုမို တိုးမြင့်စေတယ်လို့ ဆိုပါတယ်။
ယခု တွေ့ရှိတဲ့ ဂြိုဟ် ခုနှစ်လုံးဟာ ကမ္ဘာဂြိုဟ်နဲ့တော့ အရွယ်အစားချင်း များစွာ တူညီနေပြီးတော့ ကျောက်တုံးကျောက်ခဲတွေ ရှိနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အလားတူ ယင်းဂြိုဟ်တွေမှာ ရေပါ ရှိနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့်လည်း ယင်းဂြိုဟ်တွေထဲက သုံးလုံးဟာပဲ လူသားတွေ နေလို့ ရနိုင်တဲ့ ဇုန်အတွင်းမှာ ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ တွေ့ရှိထားတဲ့ ဂြိုဟ်စုဟာတော့ Trappist-1 လို့ခေါ်တဲ့ ကြယ်ကို ပတ်လမ်းအတိုင်း ပတ်နေတာဖြစ်ပြီးတော့ အဆိုပါ Trappist-1 ဟာတော့ ကမ္ဘာမြေကနေ အလင်းနှစ်ပေါင်း ၄၀ ကွာဝေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ဂြိုဟ်တွေကိုတော့ နာဆာရဲ့ Spitzer Space တယ်လီစကုပ်ကို သုံးပြီး ထောက်လှမ်းနိုင်ခဲ့တာဖြစ်တယ်လို့ အာကာသသိပ္ပံ ဂျာနယ်တစ်ခုဖြစ်တဲ့ journal Nature မှာ ဖော်ပြထားပါတယ်။