စက်ရုံအချို့ကို မြေယာကိစ္စငွေတောင်းမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထိခိုက်လာနိုင်ဟု လုပ်ငန်းရှင်များ ပြော

စက်ရုံအချို့ကို မြေယာကိစ္စငွေတောင်းမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထိခိုက်လာနိုင်ဟု လုပ်ငန်းရှင်များ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။              ။ လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့၏ အဝင်ဝကို လူတစ်ချို့မှ ပိတ်ဆို့ပြီး မြေယာလျော်ကြေး တောင်းခံမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထိခိုက်လာနိုင်သည်ဟု လုပ်ငန်းရှင်များက ယနေ့ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်သောဆွေးနွေးပွဲတွင် ပြောသည်။

ရွှေလင်ပန်းစက်မှုဇုန်အပါအဝင် လှိုင်သာယာရှိ စက်ရုံနှင့် ဆောက်လက်စ စက်ရုံများတွင် ၎င်းတို့၏ လယ်မြေများပါဝင်နေသဖြင့် နစ်နာကြေးပေးရန်ဟုဆိုကာ စက်ရုံအချို့၏ အဝင်ဝကို လူတစ်ချို့မှ ပိတ်ဆို့ပြီး လျော်ကြေးတောင်းခံနေခြင်းဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုတွေ လာပါပြီ ။ ဒီလူတွေကလည်း စောင့်ကြည့်နေတာပါ။ အခုဆိုရင် နိုင်ငံခြားသား တော်တော်များများ တွန့်သွားပါပြီ။ ပြည်တွင်းက လုပ်ကိုင်နေတဲ့သူတွေ ဖြေရှင်းလို့ရသလောက် နည်းလမ်းပေါင်းစုံနဲ့ ရှင်းပါတယ်။ ဖြေရှင်းလို့မရတဲ့အဆုံး စက်ရုံပိတ်ရမဲ့ အခြေနေတောင်ဖြစ်သွားပြီဆိုတော့ နိုင်ငံခြားက ရင်းနှီးမြုှပ်နှံမယ့်သူတွေတော့ ကျွန်တော်မပြောလိုတော့ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ အခွင့်အရေးတစ်ရပ်ရှိနေတဲ့အချိန်မှာ ဒါတွေမဖြစ်သင့်ဘူး”  ဟု သူက ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌနှင့် စက်မှုဇုန်လုပ်ငန်းရှင်များမှ လက်ရှိတွေ့ကြုံနေရသည့် အခက်ခဲများအပေါ် ဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စက်ရုံအချို့၏ အဝင်ဝများကိုလူအင်အားဖြင့်ပိတ်ဆို့ပြီး ဖိအားပေးငွေတောင်းခံမှု ပေါင်း ၅၀ ခန့်ဖြစ်ပွားခဲ့ကြောင်း လုပ်ငန်းရှင်များဘက်မှ ပြောခဲ့ပြီး ရွှေလင်ဗန်းစက်ရုံတွင် စက်မှုဇုန်တစ်ခုတည်းတွင် ကိစ္စမျိုး ၇ ခုထက် မနည်းဖြစ်ခဲ့ကြောင်း အဲဗား ပလပ်စတစ် စက်ရုံပိုင်ရှင် ဦးထွန်းထွန်းနိုင်က ဆိုသည်။

လယ်ယာမြေသိမ်းဆည်းခံရပါက နှစ်နာသူများအနေဖြင့် နိုင်ငံတော် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရ မှုကော်မတီမှ တရားဝင်တောင်းဆိုနိုင်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးဝင်းမောင်က “ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်စဉ်တွေကို နိုင်ငံတကာက သိသွားတယ်၊ လုပ်ငန်းရှင်တွေက သိသွားတယ်ဆိုရင် အင်မတန်မှ ကျွန်တော်တို့ ထိခိုက်နှစ်နာနိုင်တယ်။ ဒါလုံးဝလက်သင့်ခံလို့မရတဲ့ကိစ္စပဲဖြစ်ပါတယ် ဟု ပြောဆိုသည်။

ထို့ပြင် ၎င်းက “ ဒီလိုပဲတဲထိုးပြီး ငွေညစ်ခြိမ်းခြောက်တာကတော့ ဘယ်လိုမှ ဥပဒေနဲ့ မလျော်ကန်ဘူးပေါ့ လက်ခံလို့လည်းမရဘူး” ဟု ပြောခဲ့သေးသည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်တွင် ဧကပေါင်း ၁၁၀၀ ကျယ်ဝန်းပြီး စက်ရုံပေါင်း ၅၀၀ ကျော်တွက် ၄၀၀ ကျော်ကလက်ရှိ လည်ပတ်နေကြောင်းသိရသည်။

ယနေ့ UMFCCI တွင် ပြုလုပ်သော ဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ လှိုင်သာယာ မြို့နယ်တွင် မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲမှူး၊ စည်ပင်သာယာရေးနှင့် အိုးအိမ်ဦးစီးဌာနတို့အားမှတာဝန်ရှိသူများ၊ စက်မှုထုတ်ကုန်လုပ်ငန်းရှင်များအသင်းနှင့် တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly