ဇန်နဝါရီ ၁၈ ။ ။ လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ရတော့မည့် ဒေါ်နယ်ထရန့်အနေဖြင့် ယင်းကျမ်းကျိန်ပွဲမတိုင်ခင်မှာပင် အသရေဖျက်မှုြုဖင့် တရားစွဲဆို ခံလိုက်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒေါ်နယ်ထရန့် အစီအစဉ်မှူးအဖြစ် ပါဝင်ခဲ့သည့် "The Apprentice" ဂိမ်းရှိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ အမျိုးသမီးတစ်ဦးက ၎င်းအား တရားစွဲဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ၎င်းအမျိုးသမီးမှာ ထရန့်မဲဆွယ်ချိန် ကာလကလည်း သူမအပေါ် လိင်ပိုင်းဆိုင်ရာ မတော်တလျော် ကျူးလွန်ထားခဲ့သည်ဟုလည်း စွပ်စွဲခဲ့သူလည်းဖြစ်သည်။
ယခုတရားစွဲဆိုလိုက်သည့် Summer Zervos ဆိုသူအမျိုးသမီးက ထရန့်မှာ သူမ၏ လိုအင်မပါဘဲ အနမ်းပေးရန်နှင့် ထိတွေ့ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲပြောကြားထားခဲ့ပြီး ယင်းစွဲချက်များကို ထရန့်က လိမ်ညာငြင်းဆန်တုန့်ပြန်ခဲ့ကြောင်းလည်း ယခုစွဲချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ထရန့်မှာ အလိမ်အညာ တစ်ဦး၊ တာဝန်မယူတတ်သူတစ်ဦး ဖြစ်ကြောင်းနှင့် စွပ်စွဲချက်များအပေါ်တွင်လည်း မဟုတ်မမှန်အလိမ်အညာသုံးကာ ထုတ်ပြန်တုန့်ပြန်ထားခဲ့သူဖြစ်ကြောင်း ယခု တရားစွဲဆိုချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မကြာမီ နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတဖြစ်လာတော့မည့် ထရန့်မှာ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ မတော်တလျော်ပြုမှုမှုများ ရှိထားခဲ့သည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်ထားခဲ့ရသော်လည်း ၎င်းအနေဖြင့် မည်သည့်အမှားအယွင်းမှ လုပ်ထားခြင်းမရှိကြောင်း ချေပငြင်းဆန်ထားသူဖြစ်သည်။