ဇန်နဝါရီ ၃ ။ ။ အစဉ်အလာ မဟာမိတ်နိုင်ငံ အမေရိကန်ကို ရှောင်ဖယ်ကာ ရုရှနှင့် တရုတ်တို့ဘက် ပြန်လည်ချဉ်းကပ်နိုင်ရန် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းမှုများ မြင်တွေ့နေရချိန်တွင် ဇန်နဝါရီလ ၃ ရက်က ရုရှရေတပ်သင်္ဘောတစ်စီး မနီလာဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်သို့ရောက်ရှိလာသော ရုရှ ဖျက်သင်္ဘော Admiral Tributs မှာ လာမည့် စနေနေ့အထိ နိုင်ငံရေပိုင်နက်အတွင်း ဆက်ရှိနေဦးမည်ဖြစ်ကာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုများတွင်လည်း ပါ၀င်သွားမည်ဟု ဖိလစ်ပိုင် ရေတပ်က ထုတ်ပြန်ပြောကြားသည်။
လေးနှစ်အတွင်း ပထမဆုံးအကြိမ် ယခုကဲ့သို့ နိုင်ငံသို့ ရုရှရေတပ်သင်္ဘော ဆိုက်ရောက်လာခြင်းက နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်မည်ဖြစ်ကြောင်းနှင့် နှစ်ဘက်ရေကြောင်း ဒီပလိုမေစီနည်းမှတဆင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်သွားစေနိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖိလစ်ပိုင်တွင် ၂၀၁၆ ဇွန်လက သမ္မတ ဒူတာတေး စတင်အာဏာရလာပြီးနောက်ပိုင်း နိုင်ငံ၏ စစ်ရေးပိုင်းနှင့် နိုင်ငံခြားရေးမူဝါဒပိုင်းတွင် အပြောင်းအလဲများစွာ ပြုလုပ်ထားခဲ့သည်ကိုလည်းတွေ့ရသည်။