ဇန်နဝါရီ ၁၊ လီဗာပူးလ်။ ။ မန်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မိမိ၏နည်းဗျူဟာပိုင်းကိုအပြောင်းအလဲပြုလုပ်ခဲ့ရသည်ဟု လီဗာပူးလ်နည်းပြကလော့ပ်က ဝန်ခံလိုက်သည်။
အန်ဖီးလ်တွင် တစ်လုံးတည်းသောအနိုင်ဂိုးကို လယ်လာနာ၏ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် ပွဲချိန် ၈ မိနစ်၌ ဝစ်နယ်ဒန်က ခေါင်းတိုက်သွင်းယူခဲ့သည်။
ယင်းနိုင်ပွဲမှာ အမှတ်ပေးဇယားဒုတိယနေရာမှ လီဗာပူးလ်တို့အတွက် လေးပွဲဆက်နိုင်ပွဲဖြစ်ပြီး တတိယနေရာမှ မန်စီးတီးကို လေးမှတ်ဖြတ်နိုင်သကဲ့သို့ ဇယားထိပ်မှ ချယ်လ်ဆီးအသင်းနှင့် ခြောက်မှတ်အကွာအနေအထားတွင် ဆက်ရှိနိုင်ခဲ့သည်။
အနိုင်ရခဲ့သည့်တိုင် မိမိတို့အသင်း အကောင်းဆုံးကစားနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် မန်စီးတီးကို ထိန်းချုပ်နိုင်ရန် အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်ဟု ကလော့ပ်က ပြောသည်။
“ဒီလိုပွဲမျိုးက အရမ်းအရမ်းခက်ပြီးတော့ တခြားပွဲတွေတုန်းကလို ပွဲချိန်ပထမစက္ကန့်ကတည်းက ရှင်းလင်းတဲ့အစီအစဉ်မျိုးလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ပွဲကနေ သင်ယူရမှာဖြစ်ပြီး ပွဲနဲ့လိုက်လျောညီထွေဖြစ်ဖို့လိုပါတယ်။
ကျွန်တော်တို့ လုံလောက်တဲ့ဘောလုံးပိုင်ဆိုင်မှု မရခဲ့ဘူး။ ဘောလုံးဆုံးတာတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခံစစ်တကယ်ကောင်းတဲ့အတွက် သူတို့အခွင့်ကောင်းတွေမရခဲ့ပါဘူး။
ကျွန်တော်တို့ ဘယ်လောက်ကောင်းတယ်ဆိုတာပြဖို့ထက် အမှတ်တွေပဲလိုချင်တာပါ။ နောက်ထပ်သုံးမှတ်ရလိုက်တာ ကောင်းပါတယ်”ဟု ကလော့ပ်က ပြောသည်။
Ref; Daily Mail