ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ၊ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား စစ်ဆေးထားသည့် တွေ့ရှိချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က ပေးပို့ထားကြောင်း လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
" ကျွန်တော်တို့ CEC ကို တင်လိုက်တာပါ။ တွေ့ရှိချက်တွေကိုတော့ CEC က မဆုံးဖြတ်ရသေးတဲ့အတွက် ကျွန်တော်ပြောလို့ မဖြစ်သေးပါဘူး။ ဒီဇင်ဘာ ၂၂ ရက်နေ့ ကြာသပတေးနေ့က တင်လိုက်တာပါ" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
တိုင်စာများ မှန် ၊ မမှန် လေ့လာသုံးသပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦး ခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အား ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်၊ မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာလ ၂၈ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ယခုလို စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။