ဒီဇင်ဘာ ၂၁ ။ ။ မြောက်ကိုရီးယားတွင် စစ်တပ်၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်ဂျံုအန်းလည်း လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြသွားသည်။
မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ အာဘော်သတင်းစာ Rodong Sinmun တွင် ဖော်ပြခဲ့သော ရက်စွဲမပါ ဓါတ်ပုံတစ်ပုံအရ ခေါင်းဆောင်ကင်ဂျံုအန်းမှာ နိုင်ငံတွင်းရှိ အမည်ဖော်ပြ မထားသော နေရာတစ်ခု၌ ပြုလုပ်သော ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်စစ်ဆေးခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံ တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နှင့် ပြုံယမ်းအစိုးရတို့အကြား တစ်နှစ်ကြာ စစ်ရေးတင်းမာမှုများ ရှိထားခဲ့ပြီး ယခုအခိုက်အတန့်အားဖြင့် ပြန်လည်ငြိမ်သက်နေချိန် ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခေါင်းဆောင် ကင်ဂျံုအန်းလည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာ ၂၁ ရက် ရက်စွဲဖြင့် ဖော်ပြသွားသည်။