နယူးယောက်၊ ဒီဇင်ဘာ ရ ။ ။ ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်က သမ္မတ စီးနင်းသည့် Air Force One လေယာဉ်များ မှာယူတည်ဆောက်မှုသည် အကုန်အကျစရိတ် ကြီးလွန်း၍ ဖျက်သိမ်းခြင်းအားဖြင့် အစိုးရ၏ ကုန်ကျစရိတ်ကို လျှော့ချလိုကြောင်း ပြောသည်။
ရာထူးတာဝန် ထမ်းဆောင်ရန် သီတင်းခြောက်ပတ်သာ လိုတော့သည့် ထရမ့်က "ဘိုးရင်းကုမ္ပဏီက လာမယ့် သမ္မတတွေအတွက် ဘိုးရင်း ရ၄၇ Air Force One လေယာဉ်တစ်စီး တည်ဆောက်နေတယ်။ ဒါပေမယ့် ကုန်ကျစရိတ်က အရမ်းကြီးတယ်။ အမေရိကန်ဒေါ်လာ လေးဘီလီယံ ကျော်တယ်။ ဒီတည်ဆောက်ရေးအမှာစာကို ပယ်ဖျက်ပါ။"ဟု တွစ်တာ၌ ရေးသားသည်။
ဘိုးရင်းကုမ္ပဏီထံမှ Air Force One လေယာဉ်သစ် နှစ်စီး သို့မဟုတ် ယင်းအထက်ကို တည်ဆောက်ရန်အတွက် အစိုးရ မှာကြားထားသည်။
အဆိုပါ လေယာဉ်သစ်များက ၂၀၂၄ ဝန်းကျင်တွင် ပြီးစီးနိုင်မည်ဖြစ်သည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ တွစ်တာတွင် ရေးသားချက်နောက်ပိုင်း ဘိုးရင်း၏ ရှယ်ယာများ တစ်ရာခိုင်နှုန်းကျော် စျေးကျသွားသော်လည်း နောက်ပိုင်းတွင် ပြန်လည်ဦးမော့လာသည်။
ထရမ့်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒုတိယအကြိမ် ထပ်အရွေးခံရလျှင်တောင် အဆိုပါ လေယာဉ်သစ်များကို စီးနင်းနိုင်မည်မဟုတ်ပေ။
ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၆ ရက်တွင် ဂျပန်နိုင်ငံက SoftBank ကို အမေရိကန်နိုင်ငံအတွင်း ဒေါ်လာ ဘီလီယံ ၅၀ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန် သဘောတူခဲ့ပြီး အလုပ်အကိုင်ပေါင်း ငါးသောင်းကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ထရမ့်တာဝါ၌ SoftBank စီအီးအို မာဆာယိုရှီနှင့် တွေ့ဆုံပြီးနောက် ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရွေးကောက်ပွဲမှာ မနိုင်ရင် မာဆာအနေနဲ့ ခုလိုမျိုး လုံးဝလုပ်လာမှာ မဟုတ်ဘူး။”ဟု ထရမ့်က တွစ်တာတွင် ရေးသည်။
လက်ရှိတွင် ဒေါ်နယ်ထရမ့်က ကိုယ်ပိုင်လေယာဉ်ကို အသုံးပြုနေခြင်းဖြစ်သော်လည်း သမ္မတဖြစ်သည့်အခါ ပြည်ပသွားရောက်ရာ၌ အထူးလုံခြံုရေး၊ ကာကွယ်ရေးနှင့် ဆက်သွယ်ရေးစနစ်များ ပါရှိသည့် Air Force One လေယာဉ်ကို အသုံးပြုစီးနင်းရမည်ဖြစ်သည်။