နိုဝင်ဘာ ၁၆၊ လော့စ်အိန်ဂျယ်လိစ်။ ။ လီဗာပူးလ်နှင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဂျရတ်သည် အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီအသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့ပြီး ကွင်းတွင်း၊ ကွင်းပြင်ရွေးချယ်စရာများရှိနေသည်ဟု ပြောသည်။
အသက် ၃၆ နှစ်အရွယ် ဂျရတ်သည် ၂၀၁၅ တွင် ဂလက်ဇီအသင်းသို့ရောက်လာပြီး နှစ်ရာသီအတွင်း ၃၄ ပွဲကစားကာ ငါးဂိုး သွင်းယူနိုင်ခဲ့သည်။ ၎င်း၏စာချုပ်မှာ နောက်လတွင်ကုန်ဆုံးမည်ဖြစ်သည်။
“ဘောလုံးနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အဆုံးသတ်မဟုတ်သေးတာ လုံးဝသေချာပါတယ်။ အိမ်ကိုပြန်ပြီး မိသားစုကိုအချိန်ပေးပြီး တဲ့နောက် အကောင်းဆုံးစိန်ခေါ်မှုအတွက် ဆုံးဖြတ်မှာပါ။
ကွင်းတွင်း၊ ကွင်းပြင်ရွေးချယ်စရာတွေရှိနေပြီး နှစ်ပတ်၊ သုံးပတ်အတွင်းမှာ စဉ်းစားဆုံးဖြတ်သွားမှာပါ”ဟု နယူးကာဆယ်၊ ဆဲလ်တစ် အသင်းတို့၏ ချိတ်ဆက်ခြင်းခံနေရသည့် ဂျရတ်က ပြောသည်။
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က အသင်းဂန္ထဝင်ကစားသမားကို အမြဲတမ်းကြိုဆိုနေကြောင်းပြောဆိုထားပြီး ဂျရတ်မှာ ယူအီးအက်ဖ်အေ ‘အေ’ လိုင်စင်သင်တန်း တက်ရောက်ရန် ရှိနေသည်။
Ref; BBC