အလုပ်ခွင်မှာ တော်ရုံတင်မက စမတ်ကျကျဝတ်တတ်စားတတ်မယ်ဆိုရင် သင်ဟာ ပရော်ဖက်ရှင်နယ်ပိုဆန်လာပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း ပိုမိုလေးစားလာမှာဖြစ်ပါတယ်။
ဆံပင်စတိုင်သေသပ်နေပါစေ
ဘယ်လောက်ပဲ စမတ်ကျအောင် ဝတ်စားထားပါစေ ဆံပင်က ဖရိုဖရဲဖြစ်နေမယ်ဆိုရင်တော့ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလောက် ခေါင်းလျှော်ပေးပါ။ ဆံပင်ဖွာလန် မကြဲနေအောင်လည်း လိုက်ဖက်တဲ့ ခေါင်းလိမ်းဆီလိမ်းပေးဖို့ လိုအပ်ပါတယ်။
သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့အရာတွေကို ရွေးချယ်ပါ
မျက်နှာနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာပုံမတူတာကြောင့် လိုက်ဖက်တဲ့ အရာတွေကလည်း ကွာခြားမှုရှိပါတယ်။
မျက်နှာပြင်ခြယ်သမှုပြုလုပ်ပါ
မျက်နှာပြင်ခြယ်သတယ်ဆိုပေမယ့်လည်း နှုတ်ခမ်းနီရဲတွတ်နေတာမျိုး မျက်နှာကြီး အရမ်းဖွေးနေတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ မိတ်ကပ်ဖျော့ဖျော့လေးတွေကတော့ ရုံးနဲ့ အသင့်တော်ဆုံးပါပဲ။
အင်္ကျီတွေသေသပ်နေပါစေ
တွန့်ကြေနေတဲ့ အဝတ်အစားတွေဟာ တစ်ဖက်လူကို အထင်သေးစေပါတယ်။ ဒါ့အပြင် စွန်းထင်းနေတဲ့ အကျီတွေကလည်း စမတ်ကျတဲ့ ဟန်ပန်ကို ထိခိုက်စေပါတယ်။
အသားအရေ ဂရုစိုက်ပါ
အသားရေကောင်းမွန်ခြင်းဟာလည်း စမတ်ကျခြင်းတစ်မျိုးပါပဲ။ အပြင်ထွက်တဲ့အခါမှာ နေရောင်ကာ လိမ်းဆေးလိမ်းပေးဖို့ မမေ့ပါနဲ့။ အသားရေထိန်းသိမ်းဖို့ အလွယ်ကူဆုံးနည်းလမ်းက ရေသောက်ပေးဖို့ပါပဲ။
မိတ်ကပ်ပစ္စည်းဆောင်ပါ
မိတ်ကပ်က တစ်နေ့လုံးခံချင်မှ ခံပါလိမ့်မယ်။ နှုတ်ခမ်းနီက ပျက်နေတာမျိုးဆိုရင်လည်း ကြည့်လို့ အဆင်မပြေပါဘူး။ ဒါကြောင့် အလွယ်တကူပြန်ဆိုးလို့ ရအောင် မိတ်ကပ်ပစ္စည်းလေးတွေ ဆောင်ထားသင့်ပါတယ်။
ဖိနပ်တွေကို ဂရုစိုက်ပါ
စမတ်ကျနေစေဖို့ ဖိနပ်တွေကလည်း အရေးပါတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ ဒေါက်ဖိနပ်အမြင့်ကြီးထက် လေဒီရှူးလေးတွေက ပိုသင့်တော်ပါတယ်။ ယောက်ျားလေးတွေ ဆိုရင်တော့ သားရေဖိနပ်ရှူးမျိုးက ပိုပြီး စမတ်ကျစေပါတယ်။