အာရှတိုင်းပြည်များအနက် လာအိုနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု အများဆုံးအဖြစ် နိုင်ငံဧရိယာ စုစုပေါင်း၏ ၉၂ ဒသမ ၁ ရာခိုင်နှုန်း ကျန်ရှိနေပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ မွန်ဂိုလီးယားနှင့် ပါကစ္စတန်တို့တွင် အနည်းဆုံးဖြစ်နေသည်။
တစ်နိုင်ငံလုံး၏ အကျယ်အဝန်းနှင့် နှိုင်းယှဉ်ပါက သစ်တောဖုံးလွှမ်းမှုဧရိယာမှ ဘူတန်တွင် ၈၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဘရူနိုင်းတွင် ၇၉ ဒသမ ၇ ရာခိုင်နှုန်း၊ တောင်ကိုရီးယားတွင် ၆၃ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ကျန်ရှိသည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင်လည်း သစ်တောဧရိယာအသင့်အတင့် ကျန်ရှိနေပြီး အိန္ဒိယ တွင် ၂၄ ဒသမ ၁ ရာခိုင်နှုန်း ရှိနေသည်။
သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၁ ဒသမ ၉ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့် ပါကစ္စတန်တွင် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား သစ်တောဟက်တာပေါင်း ၈၄၀၀၀၀ ပျက်စီးခဲ့ပြီး နှစ်စဉ် ပျက်စီးမှု ၄၂၀၀၀ ဟက်တာခန့်ရှိခဲ့သည်။
တရုတ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ စုစုပေါင်း သစ်တောဧရိယာအကျယ်အဝန်းသည် အာရှတိုက် အတွင်း သစ်တောဧရိယာစုစုပေါင်း ၏ ထက်ဝက်ကျော်ခန့်ရှိကြောင်း အာရှဖွံ့ဖြိုးဘဏ်က ၂၀၁၆ ခုနှစ် အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပမာဏအားဖြင့် တရုတ်နိုင်ငံတွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၆၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် မလေးရှားတွင် ၆၇ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးရှိသည်။ တရုတ်နိုင်ငံသည် သစ်မှ ထုတ်လုပ်သည့် ပစ္စည်း ပြည်ပသို့ အများအပြားတင်ပို့သော်လည်း အင်ဒိုနီးရှားနှင့် မလေးရှားတို့က သစ်ရိုင်းတုံးများအဖြစ် တင်ပို့ရောင်းချသည်။
တစ်ကမ္ဘာလုံးတွင် သစ်တောဖုံးလွှမ်းမှု ပမာဏမှာ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း Global Forest Resources Assessment 2005 တွင် ဖော်ပြထားသည်။